နေပြည်တော် ၁၀ ဇူလိုင်
မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများနှင့် On Line Media ဖြစ်သော Myanmar Digital News (MDN) တို့တွင် ကြော်ငြာထည့်သွင်းလိုသူများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် နေပြည်တော်ကြော်ငြာလက်ခံဌာနကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် (၇) ပြန်ကြားရေးဝန်ကြီးဌာနရှေ့ရှိ ၎င်းအဆောက်အဦ၌ ဖွင့်လှစ်လိုက်သည်။
အဆိုပါ ကြော်ငြာလက်ခံဌာနကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီးနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
မြန်မာ့အလင်း၊ ကြေးမုံ၊ The Global New Light of Myanmar ၊ Myanmar Digital News တို့တွင် ကြော်ငြာထည့်သွင်းလိုသူများအတွက် ကြော်ငြာလက်ခံဌာနများကို ယနေ့ဖွင့်လှစ်လိုက်သည့် နေပြည်တော်ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) နှင့် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတိုက်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် (၁)လမ်းရှိ မြန်မာ့အလင်းသတင်းစာတိုက်၊ ပုဇွန်တောင်မြို့နယ် ၅၂ လမ်းရှိ ကြေးမုံသတင်းစာတိုက်၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ်ဆိုင်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံအနီးရှိ မြန်မာ့အလင်းပုံနှိပ်တိုက်တို့တွင် လည်းကောင်း၊ ကိုယ်ပွားသတင်းစာတိုက်များဖြစ်သည့် မန္တလေး၊ တောင်ကြီး၊ မကွေး၊ ကျိုင်းတုံ၊ ကလေး၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မြိတ်၊ မော်လမြိုင်၊ မုံရွာတို့တွင် လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ တစ်ဆင့်လည်း ဆက်သွယ်ထည့်သွင်းနိုင်ကြောင်း သိရသည်။
ယခုအခါ စီးပွားရေး၊ လူမှုရေး၊ နာရေးကြော်ငြာလက်ခံမှုများကို “ယနေ့ထည့်၊ မနက် ဖြန်ပါရှိရေး” စနစ်ဖြင့် ရုံးပိတ်ရက်မရှိဘဲ နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိရာ ကြော်ငြာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့အလင်း (ရန်ကုန်) ဖုန်း ဝ၁ - ၅၅၉၁၁၈၊ ကြေးမုံ (ရန်ကုန်) ဖုန်း ဝ၁ - ၃၉၇၃၃၀၊ The Global New Light of Myanmar (ရန်ကုန်) ဖုန်း ဝ၁ - ၈၆၀၄၅၃၀၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံးချုပ် ကြော်ငြာလက်ခံဌာန (နေပြည်တော်) ဖုန်း ဝ၆၇ - ၃၄၁၂၁၁၈ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


