နေပြည်တော် ၁၀ ဇူလိုင်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေးအတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမား လုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရရှိမှုမှာ အစိုးရအလုပ်အကိုင် ၈၃၉ ဦးနှင့် ပုဂ္ဂလိကအလုပ်အကိုင် ၂၆၂၄၆ ဦး စုစုပေါင်း ၂၇၀၈၅ ဦး နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၆၃၂၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၂၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၆၅ ဦး၊ ထိုင်းနိုင်ငံသို့ ၁၉၁၅၃ ဦး၊ ဂျပန်နိုင်ငံသို့ ၅၂၄ ဦး၊ ယူအေအီးသို့ ၁ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၈၉ ဦး၊ ကာတာနိုင်ငံသို့ ၉ ဦးကို စေလွှတ်၍ အလုပ်အကိုင်ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


