ရန်ကုန် ၁၀ ဇူလိုင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း(ဗဟို)က ကြီးမှူး၍ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သော အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်၌ ကျင်းပသည်။
အခမ်းအနားသို့ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်အမှူးုပြုသော သင်ကြားစီမံဆရာတော်များ၊ ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ အဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုမာရ၊ ဒုတိယ ကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ကော်မတီဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊တရုတ်(တိုင်ပေ)၊ ကိုရီးယား၊ အင်ဒိုနီးရှား စသည့် နိုင်ငံများမှ ဗုဒ္ဓဘာသာကိုယ်စားလှယ်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အာရှဗုဒ္ဓဘာသာအသင်းချုပ် နာယက ထိုင်းနိုင်ငံ မဟာချူလာလောင် ကွန်ရာဇဝိဒယလျ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ရန်ကုန်မြို့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်နှင့် ကိုရီးယားသမ္မတနိုင်ငံမှ ကိုယ်စားလှယ် ဆရာတော်တို့က အမှာစကားများ မိန့်ကြားတော်မူကြသည်။
ထို့နောက် အသင်းချုပ်(ဗဟို)ဥက္ကဋ္ဌက INGO အဖွဲ့ဖြစ်သော အာရှဗုဒ္ဓဘာသာ အသင်းချုပ်(ABC)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အာရှဗုဒ္ဓဘာသာအဖွဲ့ချုပ် ပါမောက္ခချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံမှ ကိုယ်စားလှယ်တော်များက ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက INGO အဖွဲ့ဖြစ်သော အာရှဗုဒ္ဓဘာသာအသင်းချုပ် (ABC) ရုံးကို စတင်ဖွင့်လှစ်ခြင်းသည် နိုင်ငံတကာတွင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် ပထမဦးစွာလှမ်းသော မင်္ဂလာရှိသည့် ခြေလှမ်းတစ်လှမ်းဖြစ်ပါကြောင်း၊ မတူကွဲပြားခြင်းအတွင်း ပေါင်းစည်းညီညွတ်ခြင်း၊ Unity in Diversity သဘောတရားကို ဘာသာယုံကြည်မှု မတူသူများအတွင်း၌ပင် လူမှုအဆောက်အအုံ ငြိမ်းချမ်းတိုးတက်ဖွံ့ဖြိုးရေးအတွက် လိုက်နာကျင့်သုံးနေသည့် ကာလ၌ ဘာသာတူအချင်းချင်း စုစည်းခြင်းသည် လွန်စွာမင်္ဂလာရှိပါကြောင်း၊ NGO အဖွဲ့များဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ(ဗဟို)နှင့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန် ရာဇဝိဒယလျတက္ကသိုလ်တို့ ပူးပေါင်းပြီး အာရှနိုင်ငံများရှိ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း လက်တွဲပူးပေါင်းလျက် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးမှတစ်ဆင့် လူမှုအဆောက်အအုံ ငြိမ်းချမ်းရေး၊ ဒေသတွင်းငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်နိုင်ရန်အတွက် အသင်းဖွဲ့စည်းရန် အစည်းအဝေးအကြိမ်ပေါင်းများစွာ ညှိနှိုင်းတိုင်ပင်ပြီးမှ အာရှဗုဒ္ဓဘာသာအသင်းချုပ် (ABC)ကို INGO အဖွဲ့အဖြစ် ထူထောင်နိုင်ခြင်းသည် လောကကောင်းကျိုးကို အတူတကွ ကြိုးပမ်းအားထုတ်ကြရန် သန္နိဋ္ဌာန် စတင်သောနေ့ဖြစ်ပါကြောင်း ဝမ်းမြောက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်တော်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


