ရန်ကုန် ၁၁ ဇူလိုင် 


“တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတန်ဖိုး အလှည့်အပြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင် (၁၃) ရက် မွန်းလွဲ (၁) နာရီတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်)ရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။


ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြန်မာ့ရေးရာ လေ့လာရေးအဖွဲ့ (Centre for Myanmar Affairs Studies) က မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းမှုလုပ်ငန်းစဉ်ကို အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာများတွင် ပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ပုံမှန်ကျင်းပခြင်း ဖြစ်သည်။


ဆွေးနွေးပွဲတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းမ (China-Myanmar Economic Corridor- CMEC) ကို နှစ်နိုင်ငံ အစိုးရများ၏ သဘောတူညီချက်ဖြင့် စတင်အကောင်အထည်ဖော်ခြင်းသည် မြန်မာနိုင်ငံ၏ ဒေသတွင်း မဟာဗျူဟာတန်ဖိုး အလှည့်အပြောင်းကို ဆောင်ကြဉ်းပေးနိုင်ကြောင်း တွေ့မြင်ရသဖြင့် ၎င်းအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ကြိုးစားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်း မဟာဗျူဟာစီမံကိန်း (Belt and Road Initiative - BRI) ဖော်ဆောင်မှုနှင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတို့ တိုက်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှ နှစ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး အခွင့်အလမ်း စာမျက်နှာသစ် ဖွင့်လှစ်ရန် ဖြစ်ပေါ်လာကြောင်း စသည်ဖြင့် ဆွေးနွေးကြမည်ဖြစ်ရာ စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
(သတင်းစဉ်)