ဟားခါး ၁၁ ဇူလိုင် 


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁၀ နံနက် ၉ နာရီခွဲက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။                                    


သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကား ပြောကြားရာ၌ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလုပ်အကိုင်နှင့်စီးပွားရေး အခွင့်အလမ်းများ တိုးမြှင့်ဖန်တီးပေးခြင်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေသဝမ်းစာဖူလုံပြီး ဆင်းရဲနွမ်းပါးမှုကို သိသာစွာလျော့ချနိုင်ရေးကို ရည်မှန်းဆောင်ရွက် လျက်ရှိရာမှာ ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ အခြေခံအဆောက်အဦ ပိုမိုကောင်းမွန်လာရေး၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးဆိုသည့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ကုန်းမြင့်လယ်ယာ ဖော်ထုတ်ရေးကဏ္ဍ၊ စည်ပင်သာယာရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမ ကဏ္ဍဆောင်ရွက်ချက်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ သာသနာရေးကဏ္ဍနှင့်ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်မှုဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ချင်းပြည်နယ်အတွင်းရှိ ပြည်သူလူထုမှ ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ယခုလိုမီဒီယာများ ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရ အနေဖြင့် ရေရှည်စီမံကိန်းများအဖြစ် ကုလားတန်မြစ် စီမံကိန်း၊ ပလက်ဝစက်မှုဇုန်၊ ဘုံဇုံးစက်မှုဇုန်နှင့် ခိုင်ကမ်းစက်မှုဇုန်တို့ကို အကောင်အထည် ဖော်ဆောင်ရန်ရှိကြောင်း၊ ထို့အပြင် ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လမ်းတံတားစတဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ချည်မျှင်နှင့် ရိုးရာရက်ကန်း လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံကြရန်ကိုလည်း ဖိတ်ခေါ်ပါကြောင်းပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်အသီးသီး ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ချိန်တွင် ကျင်းပပြီးစီးကြောင်း သိရသည်။         


အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ချင်းပြည်နယ် အခြေစိုက်သတင်းဌာနနှင့် ပြည်နယ်ပြင်ပ အခြေစိုက် သတင်းဌာန စုစုပေါင်းသတင်းဌာန (၁၄) ခု တက်ရောက်ခဲ့ကြောင်း ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။                                                


MDN