အုတ်တွင်း  ၁၁ ဇူလိုင်
       

(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအား ကြိုဆိုသောအားဖြင့် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့ စည်ပင်သာယာပန်းခြံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
      
 
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဦးနှင့် မတည်အလှူရှင် အုတ်တွင်း(ကြယ်နီ) မိသားစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
      

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ယနေ့သည်အုတ်တွင်းမြို့နယ်အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဗိသုကာကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ဖြစ်သော ဗိုလ်ချုပ်မြင်းစီးရုပ်တုအား ရေရှည်တည်တံ့ ခိုင်မြဲစွာ တည်ရှိနိုင်ရေး၊ နောင်လာနောင်သားတို့အတွက် စံနမူနာထားအပ်သည့် အထိမ်းအမှတ် ဗိုလ်ချုပ်မြင်းစီးရုပ်တုအား အုတ်တွင်းမြို့နယ် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများမှ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီမှ မှတ်တမ်းစာရွက်စာတမ်းများအား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာစောညိုဝင်းထံသို့လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ချိုချိုမှလည်းကောင်း ပေးအပ်ခဲ့ကြသည်။

      

ယင်းနောက် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဝင်းခိုင်ကကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
       

အဆိုပါဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအား အုတ်တွင်းမြို့ မြို့မိမြို့ဖများမှဦးဆောင်၍ အများပြည်သူစုပေါင်းကာ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ခွင့်ပြုချက်ဖြင့် အမြင့်(၁၅)ပေ၊ အလျား(၁၅)ပေရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအားပြုလုပ်ထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ရုပ်တုထားရှိမည့် ရင်ပြင်တည်ဆောက်ရေးနှင့် ပြည်သူ့ပန်းခြံ ပြုပြင်ခြင်းလုပ်ငန်းအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း(၃၇၀) ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။


ဟိန်းထက်(ပဲခူး)