သထုံ ၁၁ ဇူလိုင်
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် အာဇာနည်နေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအလိုက်နှင့် ကျောင်းအုပ်စုအလိုက် ယှဉ်ပြိုင်ပြီးစီးခဲ့ပြီး ထူးချွန်သူများကိုစုစည်းကာ မြို့နယ်အဆင့်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဒု-မြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းက ပြောသည်။
စာစီစာကုံးယှဉ်ပြိုင်ရာတွင် အခြေခံပညာအထက်တန်းအဆင့်အတွက် "မေ့မရနိုင်သော အာဇာနည် ခေါင်းဆောင်ကြီးများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အတွက် "ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသားကျောင်သူများက အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၇၉ ကျောင်းတို့မှ ကျောင်းအလိုက် ပြိုင်ပွဲများ၌ ထူးချွန်ခဲ့ကြသည့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးနှင့် အလယ်တန်းအဆင့် ၂၅ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


