ဖာပွန် ၁၁ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က ဖာပွန်မြို့နယ် အနောက်ဘက်ကမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစုစုငယ်က အဖွင့်အမှာစကားပြောကြားပြီး ဖာပွန်မြို့မရဲစခန်းမှ ဒုတိယရဲမှူး စောကျော်မင်းဦးက လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်သက်ဦးက လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အကြောင်းသိကောင်းစရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် စာဖတ်ခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်များ၊ အာဇာနည်(၉)ဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရာများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ အတ္ထုပ္ပတ္တိ ကိုယ်ရေး အချက်အလက် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြဘုတ်များကို ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)


