သထုံ ၁၁ ဇူလိုင်
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်က မူလတန်းအဆင့် ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က အာဇာနည် ဆိုသည်ကို သေချာစွာသိရှိခြင်းဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစား အတုယူလိုစိတ်များရှိစေရန် ရည်ရွယ်ကာ ကျောင်းသားကျောင်းသူများအား ပြိုင်ပွဲများကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ပြိုင်ပွဲများကျင်းပရာတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၃ ကျောင်းမှ မူလတန်းကျောင်းသားကျောင်းသူ ၁၅ ဦးတို့က အာဇာနည်နေ့အောက်မေ့ဖွယ် နှစ်သက်ရာကဗျာများဖြင့်လည်းကောင်း၊ ကျောင်းသားကျောင်းသူ ၂၀ ဦးတို့က နှစ်သက်ရာ ကလေးပုံပြင်များကို အဖွဲ့လိုက်ဖြင့် လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် အခြေခံပညာကျောင်းအသီးသီးသို့ သွားရောက်ကာ ပညာပေးဟောပြောခြင်း၊ ပြပွဲများ ပြသခြင်းတို့ကို ပြုလုပ်ပေးနေသည့်အပြင် ယခုကဲ့သို့ လူထုအခြေပြုဗဟို ဌာနသို့ ဖိတ်ခေါ်ကာ အထိမ်းအမှတ်နေ့အလိုက် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ ဉာဏ်ရည် မြင့်မားရေးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)


