ကျောက်တံခါး ၁၁ ဇူလိုင်


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် အနိမ့်ပိုင်းလယ်မြေများ ရေနစ်မြုပ်ပြီး၊ ရပ်ကွက်ကျေးရွာအတွင်း ရေကြီးမှုများဖြစ်ပေါ်ခဲ့ကာ တံတားသုံးစင်းပျက်စီး၍ စာသင်ကျောင်း ၁၄ ကျောင်း ပိတ်ထားခဲ့ရာမှ ဇူလိုင် ၁၀ ရက်နေ့မှစ၍ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်၍ ပိတ်ထားရသော စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူများလည်း ပုံမှန်သွားလာလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့မြို့နယ်မှာ ဇူလိုင် ၇ ရက်က စတင်ရွာတဲ့မိုးကြောင့် နေရာအနှံ့ရေကြီးခဲ့ပြီး လယ်တွေရေမြုပ်၊ တံတားတွေပျက်စီးကာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ အချို့ရပ်ကွက်တွေမှာ ရေတွေကြီးပြီး ထမင်းချက်မရလို့ ပရဟိတအဖွဲ့တွေ၊ စေတနာရှင်ပြည်သူတွေက ထမင်းထုပ်တွေ လာရောက်လှူဒါန်းခဲ့ပါတယ်။ အခုတော့ရေလုံးဝမရှိတော့ပါဘူး။ အားလုံးပုံမှန်အခြေအနေတိုင်း ပြန်ဖြစ်သွားပါပြီ”ဟု စာတိုက်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။


ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့သော အခြေခံပညာကျောင်းပေါင်း ၁၄ ကျောင်းကို ဇူလိုင် ၁၀ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းများပိတ်ထားလိုက်ရသည့်အတွက် ပိတ်ရက်အစား ပြန်လည်ပြီး သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းက ပြောသည်။


ခင်ကို(ကျောက်တံခါး)