နေပြည်တော် ၁၁ ဇူလိုင်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၊ နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရည်၊ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်းနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဧည့်ပရိသတ်များက နေပြည်တော် မြင့်ထူးသာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။

သတင်းစဉ်