နေပြည်တော် ၁၁ ဇူလိုင်


    
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆွစ်ဇာလန်ဖောင်ဒေးရှင်း (Swiss Foundation For Development Cooperation-SWISSAID) တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ SWISSAID မှ Country Representative, Ms. Claire Elizabeth Light နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


    
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့်အမှာစကားပြောကြားပြီး SWISSAID မှ Country Representative က နားလည်မှုစာချွန်လွှာပါ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းပြောကြားသည်။


    
ထို့နောက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် SWISSAID မှ Country Representative တို့က နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးကြသည်။


    
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် SWISSAID တို့အကြား ပူးပေါင်း၍ ၂၀ဝ၁ ခုနှစ်မှ ယနေ့အချိန်အထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Gender ကဏ္ဍ၊လူထုအခြေပြု အသေးစားငွေစုလုပ်ငန်း၊ အခြေခံအဆောက်အအုံတည် ဆောက်ရေးလုပ်ငန်း စသည့် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့် (၅) ဆင့်ကို SWISSAID ၏ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၈ ဒသမ ၅) သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။


    
ယနေ့ လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ SWISSAID အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် လူထုအခြေပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆဌမအဆင့်ကို ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ (၃) သန်းကျော်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်း ဒေသများရှိ မြို့နယ်ပေါင်း (၁၆)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၉၅)ရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူ (၃၄၃၆၀)တို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူ အဆင့်ဆင့်မှ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်