နေပြည်တော် ၁၁ ဇူလိုင် 

၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

 

mdn


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်နှင့် ဦးကျော်တင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုနှင့် သားဖွားဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGOs)နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn


အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ သန်းပေါင်း (၇၇၀ဝ) ကျော်ရှိနေပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်းပေါင်း (၈၅၀ဝ)ခန့် ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဆင်းရဲသည့်နိုင်ငံများတွင် လူဦးရေ လျင်မြန်စွာ တိုးပွားနေသောကြောင့် နောက်ဆက်တွဲစိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ လူဦးရေ လျင်မြန်စွာတိုးပွားလာခြင်းသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များကို အရောက်လှမ်းနိုင်ရန် အဟန့်အတားများထဲမှ တစ်ခုဖြစ်ပါကြောင်း။

မိသားစုစီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် ကျား၊ မ သာတူညီမျှရှိစေရေး စသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာစေရန်အတွက် များစွာထိရောက်စေမည်ဖြစ်ပါကြောင်း။

လက်ရှိကမ္ဘာ့နိုင်ငံများတွင် လူဦးရေဆုလာဘ် ရရှိနေသည့် နိုင်ငံများရှိသကဲ့သို့ လူဦးရေ တိုးပွားမှုနည်းလွန်းခြင်းကြောင့် သက်ကြီးလူဦးရေ များပြားလာပြီး လုပ်သားအင်အားရှားပါးလာမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးခွဲဝေသုံးစွဲမှု စသည့် ပြဿနာများကို ရင်ဆိုင်နေရသည့် နိုင်ငံများလည်းရှိနေပါကြောင်း။

လူဦးရေဆုလာဘ်ကို အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးနိုင်ပါကြောင်း၊ ထို့ပြင် ရွှေ့ပြောင်းသွားလာနေထိုင် အလုပ်လုပ်ကိုင်မှု မြင့်မားနေခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေပြောင်းလဲမှုတွင် အဓိကကျသည့် အကြောင်းအရာတစ်ခုဖြစ်ပါကြောင်း။

ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကမ္ဘာလုံးဆိုင်ရာအနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံချင်း အနေဖြင့်ဖြစ်စေ အရေးတကြီး ဦးစားပေး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာအကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လာစေရန် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပကြပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်က စတင်ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် အကြိမ်(၃၀)မြောက်ဖြစ်ပါကြောင်း။

ကမ္ဘာ့လူဦးရေသန်း (၅၀ဝ၀) ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် (၁၁) ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေးခဲ့ပြီး ၁၉၈၉ ခုနှစ်မှစပြီး ယခုလို အခမ်းအနားများ ကျင်းပလာခဲ့ပါကြောင်း၊ ကမ္ဘာနဲ့အဝန်း ကျင်းပနိုင်ရန်အတွက် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးခဲ့ရာ ယခုနှစ်ဆောင်ပုဒ်သည် ကတိကဝတ်များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅)နှစ်မြောက် ICPD ကိုဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဖြစ်ပါကြောင်း။

အဆိုပါဆောင်ပုဒ်သည် ယခုနှစ် နိုဝင်ဘာလတွင် ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ကျင်းပပြုလုပ်မည့် (၂၅)နှစ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်လည်းဖြစ်ပါကြောင်း။

ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်၏ အဓိကဦးတည်ချက်သည် ၁၉၉၄ ခုနှစ်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံ (International Conference on Population and Development – ICPD) က ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်များကို ညီလာခံကျင်းပပြီးခဲ့သည့် (၂၅)နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန်နှင့် အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများသည် မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှမှုရရှိရေးတို့ပင် ဖြစ်ပါကြောင်း။

မျိုးဆက်ပွားကျန်းမာရေးကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များအရ ၁၉၉၄ ခုနှစ်တွင် ခေတ်မီသားဆက်ခြားနည်းလမ်း သုံးစွဲမှုနှုန်းသည် (၅၂) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၅၈) ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း။

ဖွံ့ဖြိုးမှုအားနည်းသော နိုင်ငံများတွင်ရှိသည့် အမျိုးသမီးများ၏ ခေတ်မီသားဆက်ခြား နည်းလမ်းအသုံးပြုမှုသည် ၁၉၉၄ ခုနှစ်တွင် (၁၅) ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၃၇)ရာခိုင်နှုန်းအထိ တိုးတက်သုံးစွဲလာသည့်အတွက် ကောင်းမွန်သည့် တိုးတက်မှုတစ်ခုပင် ဖြစ်ပါကြောင်း။

ထို့ပြင် ကလေးမွေးဖွားမှုနှုန်းတွင်လည်း ကမ္ဘာပေါ်တွင် ၁၉၉၄ ခုနှစ်က အမျိုးသမီးတစ်ဦးလျှင် ကလေး (၂ ဒသမ ၉) ဦးနှုန်းမွေးဖွားခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကလေး (၂ ဒသမ ၅) ဦးနှုန်းအထိ ကျဆင်းလာခဲ့ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁၉၉၄ ခုနှစ်၌ အမျိုးသမီးတစ်ဦးလျှင် ကလေး (၅ ဒသမ ၆) ဦးနှုန်း မွေးဖွားခဲ့ရာက ၂၀၁၉ ခုနှစ်တွင် (၃ ဒသမ ၉) ဦးနှုန်းအထိ သိသိသာသာ ကျဆင်းလာခဲ့ပါကြောင်း။

ထို့အတူ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းကိုလည်း လျှော့ချနိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်၌ အရှင်မွေးကလေးတစ်သိန်းတွင် ကိုယ်ဝန်ဆောင်မိခင် (၃၆၉)ဦး သေဆုံးခဲ့ရာမှ ၂၀၁၅ ခုနှစ်၌ ကိုယ်ဝန်ဆောင်မိခင် (၂၁၆)ဦးခန့်သာ သေဆုံးသည်ကို တွေ့ရှိရပါကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံပြီး လူဦးရေ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၉ ခုနှစ်တွင် လူဦးရေ (၅၄)သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် (၅၉)သန်းကျော်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ လက်ရှိတွင် လူဦးရေဆုလာဘ်ကို ရရှိနေသည့်အတွက် ထိထိမိမိ အသုံးချနိုင်ရန်နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများတွင် လူငယ်များ၏ အင်အားကို ထိထိရောက်ရောက် ထည့်သွင်းအသုံးချရန် လိုအပ်သကဲ့သို့ အနာဂတ်တွင် သက်ကြီးလူဦးရေ များပြားလာမည်ဖြစ်သည့်အတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံသည် ICPD တွင် စတင်လက်မှတ်ရေးထိုးချိန်မှစပြီး လုပ်ငန်းလမ်းညွှန်ချက်များကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ မိခင်သေဆုံးမှု လျော့ကျစေရေး ဆောင်ရွက်မှုအနေဖြင့် ၁၉၉၀ ခုနှစ်က အရှင်မွေးကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု (၄၅၃)ဦး၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အရှင်မွေးကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု (၂၈၂)ဦးရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက် အလက်စစ်တမ်းအရ အရှင်မွေးကလေးတစ်သိန်းတွင် မိခင်သေဆုံးမှု (၁၇၈)ဦးအထိ ကျဆင်းသွားသည်ကို တွေ့ရှိရပြီး ကိုယ်ဝန်ဆောင် မိခင်သေဆုံးနှုန်းအနေဖြင့် မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရပါကြောင်း။

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို လက်လှမ်းမီစေရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေးများ (Sexual and Reproductive Health and Rights) နှင့်စပ်လျဉ်းပြီး မူဝါဒများ ပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် သားဆက်ခြားကျန်းမာရေးစောင့်ရှောက်မှုနှင့် အမျိုးသမီးများ၏ ဘဝအဆင့်အတန်း မြှင့်တင်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် မိသားစုကျန်းမာရေးစီမံကိန်း ၂၀၂၀ (Family Planning 2020) ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ကတိကဝတ်ပြုခဲ့ပါကြောင်း၊ အိမ်ထောင်သည် အမျိုးသမီးများအတွင်း သားဆက်ခြားဆေးဝါး သုံးစွဲမှုနှုန်းသည် ၁၉၉၁ ခုနှစ်တွင် (၁၆)ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ မြန်မာနိုင်ငံလူနေမှု ဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက် စစ်တမ်းအရ (၅၁)ရာခိုင်နှုန်းအထိ တိုးတက်လာသော်လည်း လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါကြောင်း။

အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းများကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် ယခုလက်ရှိ (၂၀၁၃ - ၂၀၂၂) စီမံကိန်းအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CEDAW) ကိုလည်း ၁၉၉၇ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈- ၂၀၃၀) တွင် ကျား၊ မနှင့် အမျိုးသမီး အခွင့်အရေးများကို ထည့်သွင်းထားသည်ကို ထင်ထင်ရှားရှား တွေ့ရမည်ဖြစ်ပါကြောင်း။

မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ကျား၊ မ တန်းတူညီမျှမှုရရှိရေးစသည့် ကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်နေသည့်မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေသစ်များ ပေါ်ပေါက်လာနိုင်စေရန်နှင့် ရှိပြီးသည်များကိုလည်း လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ဆက်စပ်အဖွဲ့အစည်းများ ပါဝင်လာစေရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်နေသကဲ့သို့ မိမိတို့အစိုးရဝန်ကြီးဌာနများကလည်း အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် မှတ်ယူဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကတိကဝတ်များကို အရှိန်အဟုန်မြှင့်ဖြည့်ဆည်းလို့ (၂၅)နှစ်မြောက် ICPD ကိုဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးမှူး Mr. Knut Ostbyက ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မိသားစုစီမံကိန်းနှင့်ပတ်သက်သည့် ဗီဒီယိုနှင့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် ကတိကဝတ်များကို အရှိန်အဟုန်မြှင့် ဖြည့်ဆည်းလို့ (၂၅) နှစ်မြောက် ICPD ကိုဂုဏ်ပြုစို့ (25 years of the ICPD: Accelerating the promise) ဆောင်ပုဒ်နှင့် ပတ်သက်သည့် Animation Video Clip ကို ပြသသည်။

ယင်းနောက် Association of Francois-Xavier Bagnoud (AFXB Myanmar) လူငယ်အဖွဲ့က ငွေရတုသဘင်ညီလာဆင်ကဗျာကို ရွတ်ဆိုကြပြီးအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

mdn


အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပပြီး လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ နိုင်ငံတကာညီလာခံမတိုင်မီ အခြေအနေနှင့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံ၏ ပြောင်းလဲသွားသော အခြေအနေများနှင့်ပတ်သက်၍ အမျိုးသမီးများ၊ လူငယ်များ၏ သဘောထားအမြင်များကို ဆွေးနွေးခြင်း၊ မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

သတင်းစဉ်