နေပြည်တော် ၁၁ ဇူလိုင် 

 

“အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက M Gallery ဟိုတယ်၌ ကျင်းပသည်။

 

ရှေးဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကျဉ်းကျခံရသူများအတွက် နိုင်ငံအတွင်းရှိ ပြည်သူများနည်းတူ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်ရန်မှာ ဆေးပညာကျင့်ဝတ်များအရပင်ဖြစ်ပြီး အရေးကြီးပါကြောင်း၊ နေထိုင်ခဲ့ရာ နေရာဒေသ၊ အတန်းပညာတတ်မြောက်မှု၊ ကျန်းမာရေးအသိပညာကြွယ်ဝမှု၊ နေထိုင်စားသောက်မှုအမူအကျင့်နှင့် အလေ့အထ၊ စိတ်နေသဘောထား၊ ခံယူချက်၊ လူမျိုး၊ လူမှု-စီးပွားရေး၊ ကျန်းမာရေး စသည့် နောက်ခံအခြေအနေများ အမျိုးမျိုးကွဲပြားခြားနားသော အကျဉ်းကျခံရသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ရှုထောင့်မျိုးစုံမှ ထည့်သွင်းစဉ်းစားကာ အကျဉ်းကျခံရသူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ခံစားပိုင်ခွင့်၊ ဆေးပညာ ကျင့်ဝတ်၊ ပြည်သူ့ကျန်းမာရေးကျင့်ဝတ်များနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များရှိ အကျဉ်းကျခံရသူများတွင် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများ၊ အကျဉ်းထောင်များ၏ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အကျဉ်းကျခံရသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးကိစ္စရပ်များ၊ ယေဘုယျကျန်းမာရေး အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ စသည့် အခြေခံအချက်အလက်များကို ဆန်းစစ်မှု (quick review) ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါဆန်းစစ်မှုမှ တွေ့ရှိချက်များနှင့်အညီ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်ကို မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အကျဉ်းထောင်များမှ ဆေးရုံများသို့ လူနာများ ညွှန်းပို့ကုသရာတွင် အဆင်ပြေချောမွေ့စေရေးကိုလည်း တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကျန်းမာရေးဌာနများမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ကာ အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ဆေးရုံများရှိ အကျဉ်းသားလူနာဆောင် (guard ward) များ၏ လက်ရှိအခြေအနေများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ အားဖြည့်မွမ်းမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကျန်းမာရေးဌာနများအနေဖြင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပြုလုပ်ရာတွင် အကျဉ်းထောင်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ ကျန်းမာရေးမှူးနှင့် သူနာပြုများ ပါဝင်တက်ရောက်နိုင်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကျန်းမာရေးအဆင့်မြှင့် အကျဉ်းထောင်များဖြစ်ပေါ်လာစေရေးနှင့် အကျဉ်းကျခံရသူများ လွတ်မြောက်ပါက ပြည်သူများထံ အဆင်ပြေချောမွေ့ ကျန်းမာစွာပြန်လည် ဝင်ရောက်နိုင်ရေးတို့အတွက် လူ့အခွင့်အရေး၊ ဆေးပညာကျင့်ဝတ်များနှင့် အညီဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင်မြင်စေရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူက ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် နံနက်ပိုင်းဆွေးနွေးတင်ပြမှုများကို ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နံနက်ပိုင်းတင်ပြချက်များအပေါ် ဆွေးနွေးမှာကြားသည်။

 

အဆိုပါအစည်းအဝေးကို ဇူလိုင် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ မြို့နယ်ဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ဆေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ United Nations Office on Drugs and Crime (UNODC)၊ Asian Harm Reduction Network (AHRN)၊ Myanmar Anti-Narcotics Association (MANA) နှင့် International Committee of the Red Cross (ICRC)တို့မှ ပညာရှင်များနှင့် တာဝန်ရှိသူများက အကျဉ်းထောင်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် တင်ပြဆွေးနွေးမှုနှင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုမှုများကို ဆောင်ရွက်၍ လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်