ရေနံချောင်း ၁၁ ဇူလိုင်
၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့မှ အသက်(၂၉)နှစ်ရှိ လူငယ်ပန်းချီဆရာတစ်ဦးဖြစ်သော ကိုလင်း(နံ့သာမြေ)၏ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခွဲက ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။
''ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကတော့ တက်တူးထိုးခြင်းလုပ်ငန်း ဖြစ်ပါတယ်။ ဒီပန်းချီပညာကိုတော့ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ပန်းချီပညာနဲ့ ပတ်သက်ပြီးတော့ သင်တန်းလည်း မတက်ဖူးပါဘူး။ ပန်းချီဆရာကြီးတွေဆွဲတာကို ကြည့်တယ်။ လေ့လာတယ်။ အင်တာနက်လိုင်းပေါ်က လေ့လာတယ်။ အားလပ်ချိန်တွေမှာ ပန်းချီကားတွေကို စိတ်နစ်ပြီးတော့ ဆွဲတယ်။ ဒီပန်းချီကား ၉၂ ကားလုံးက ကျွန်တော်တစ်ယောက်ထဲဆွဲပြီး စုထားတဲ့ ပန်းချီကားတွေပါ။ အဓိကတော့ လူငယ်လေးတွေအနေနဲ့ ပန်းချီပညာကို စိတ်ဝင်စားလာစေရန်နဲ့ မြတ်နိုးတန်ဖိုးထားတတ်လာစေရန် ရည်ရွယ်ပြီးတော့ ဒီပန်းချီပြပွဲကို ပြုလုပ်ခြင်းဖြစ်ပါတယ်''ဟု ပန်းချီဆရာ ကိုလင်း(နံ့သာမြေ)က ပြောသည်။
ပန်းချီပြပွဲတွင် ရေဆေးပန်းချီများ၊ ဆီဆေးပန်းချီများနှင့် ခဲပန်းချီများ စသည့်ပန်းချီကားပေါင်း ၉၂ ကား ပါဝင်ပြီး ဇူလိုင် ၁၁ ရက်နေ့မှ ၁၉ ရက် (အာဇာနည်နေ့) အထိ မြို့နယ်ပြန်/ဆက်ရုံးတွင် ပြသသွားမည်ဖြစ်ကာ ပန်းချီချစ်မြတ်နိုးသူများနှင့် ပန်းချီပညာကို စိတ်ဝင်စားသူမည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ပန်းချီချစ်မြတ်နိုးသူများ ပန်းချီကားများ ဝယ်ယူလိုပါက မြန်မာကျပ်ငွေ ၂ သောင်းကျပ်မှစ၍ ဝယ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါပန်းချီပြပွဲသို့ ရေနံချောင်းမြို့ပေါ်ရှိ ဝါရင့်ပန်းချီဆရာကြီးများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ရေနံ့သာစနေကဗျာဝိုင်းမှ ကဗျာဆရာများ၊ စိတ်ဝင်စားသူပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


