မြေပုံ ၁၁ ဇူလိုင်
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်တို့နှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းရှိ ပြန်လည်နေရာချထားရေးစခန်းတွင် နေထိုင်သူများနှင့်တွေ့ဆုံသည်။
ရှေးဦးစွာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး ယခုအခါနိုင်ငံတော်က အိမ်ရာများ ပြန်လည်တည်ထောင်ပေးခဲ့ကာ အခြေချနေထိုင်လျက်ရှိသည့် ရခိုင်တိုင်းရင်းသားများကို မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌တွေ့ဆုံ၍ နေထိုင်စား သောက်မှုအခြေအနေများ၊ လိုအပ်ချက်များကို မေးမြန်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် အားပေးစကား ပြောကြားသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် မြေပုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ရခိုင်အမျိုးသမီးငယ်များအဖွဲ့နှင့် တွေ့ဆုံသည်။
ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးတို့နှင့်အတူ မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ IDP စခန်းသို့သွားရောက်၍ နေထိုင်စားသောက်မှုအခြေအနေများ၊ ပညာသင်ကြားနေမှုနှင့် ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေ အနေများကို တွေ့ဆုံမေးမြန်းသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် အဆိုပါ IDP စခန်းရှိ အမျိုးသမီးများနှင့်မိန်းကလေး ငယ်များစင်တာ၌ စခန်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား တွေ့ဆုံသည်။
ယင်းနောက် မြေပုံမြို့မှစစ်တွေမြို့သို့ ပြန်လည်ရောက်ရှိပြီး စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်သို့သွားရောက်၍ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် တွေ့ဆုံပြီး Royal Sittwe Hotel ၌ စစ်တွေမြို့ရှိ အမျိုးသမီးအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်။
သတင်းစဉ်


