နေပြည်တော် ၁၁ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်း အမှတ်စဉ်(၁)၌ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းသည် ခေတ်ကာလအလျှောက် ပေါ်ပေါက်လာသည့် သင်တန်းဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ပိုမိုသိရှိနားလည်ပြီး ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ပြောင်းလဲနေသည့် ပတ်ဝန်းကျင်အနေအထားနှင့် အဆင်ပြေလိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးမလုပ်နိုင်ပါက ရှင်သန်နိုင်မည်၊ ရပ်တည်နိုင်မည် မဟုတ်သည့်အတွက် အမြဲတမ်းလေ့လာသင်ယူကြရမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများက ဆောင်ရွက်နေသည့် လူထုအခြေပြုဗဟိုဌာနများ အောင်မြင်အောင် အကောင်အထည်ဖော်ရန်နှင့် အကျိုးရှိရှိအသုံးပြုသွားရန် လိုအပ်ကြောင်း၊ လူထုအခြေပြု ဗဟိုဌာနများတွင် ပြည်သူ့စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်နေကြောင်း၊ ထို့ပြင် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့် အရေးပါသည့် ကိစ္စရပ်များအပြင် အခြားကိစ္စရပ်များကိုလည်း လူထုအခြေပြုဗဟိုဌာန၌ လာရောက်ညှိနှိုင်း တိုင်ပင်ဆွေးနွေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
သတင်းရေးသားရာတွင် အကြောင်းအရာ၊ အချက်အလက် မှန်ကန်ရန်လိုအပ်ကြောင်း၊ စာနယ်ဇင်းကျင့်ဝတ် (သို့မဟုတ်) စာနယ်ဇင်းသမားကောင်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန်လိုအပ်ကြောင်း၊ ယခုအခါ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းကို သင်ကြားပို့ချပေးရခြင်းမှာ သတင်းများတွင်ပါဝင်သည့် အချက်အလက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီး စိစစ်အတည်ပြု ချင့်ချိန်ယုံကြည်တတ်ရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရတစ်ခုဖြစ်သော ပြည်သူကိုကိုယ်စားပြုသည့် စနစ်ကိုပြသသော ရွေးကောက်ပွဲကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန်ဖြစ်စေရန်နှင့် အများပြည်သူက စိတ်ပါဝင်စားပြီး ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်လာစေရန်လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများမှ သတင်းပေးပို့မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပြည်သူ့စကားဝိုင်းများ ဆောင်ရွက်နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းသားများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူထုအခြေပြုဗဟိုဌာနများကို အခြေပြုပြီး ဆောင်ရွက်နေသည့် လှုပ်ရှားမှုများ၊ ပြည်သူ့စကားဝိုင်းများ၊ ကျေးလက်စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ကျင်းပပေးနေမှုနှင့် လုပ်ငန်းအခက်အခဲများကို တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က အခြားသောဌာနဆိုင်ရာများနှင့် ပိုမိုချိတ်ဆက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားရေးတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းကို ဇူလိုင် ၈ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်သင်တန်းကျောင်း (ဒဏ္ခိဏ)၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တိုင်းဒေသကြီး / ပြည်နယ် ပြန်/ဆက်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး ၁၉ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


