မန္တလေး ၁၂ ဇူလိုင်


ငွေကြေးမတတ်နိုင်သည့် ယာဉ်လုပ်သားများ၏ သားသမီးများအတွက် ယခုနှစ် ပညာသင်နှစ်တွင် ပညာသင်စရိတ် ငွေကျပ်သိန်း ၈၀ နီးပါး ထောက်ပံ့ထားကြောင်း ကုန်တင်ယာဉ်၊ ခေါက်တိုယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမှ သိရသည်။


ငွေကြေးမတတ်နိုင်သည့် ယာဉ်လုပ်သားများ၏ သားသမီး ၂၃၂ ဦးအတွက် ငွေကျပ် ၇၉၇၅၀ဝ၀ ပညာသင်စရိတ် ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


‘ကော်မတီ စတင်ဖွဲ့စည်းကတည်းကနေ အခုထိဆိုရင် ပညာသင်ထောက်ပံ့ကြေးပေးတာ၊ ပညာရည်ဆုပေးအပ်တာ ၇ ကြိမ် ရှိပါပြီ။ အဓိကကတော့ ယာဉ်လုပ်သားတွေရဲ့ လူနေမှုဘဝတိုး တက်ရေးနဲ့ သူတို့ရဲ့ ကိစ္စအဝဝကို ဘက်ပေါင်းစုံကနေ ဆောင်ရွက်ပေးနေပါတယ်’ ဟု ကုန်တင်ယာဉ်၊ ခေါက်တိုယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းအောင်က ပြောသည်။


ပညာသင်ထောက်ပံ့ကြေးပေးရာမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁ ဦးကို ၄၅၀ဝ၀ ကျပ်၊ အထက်တန်း ကျောင်းသားတစ်ဦးကို ၄၀ဝ၀ဝ ကျပ်၊ အလယ်တန်းကျောင်းသား တစ်ဦးကို ၃၅၀ဝ၀ ကျပ်၊ မူလတန်းတစ်ဦးကို ၃၀ဝ၀ဝ ကျပ်နှင့် ဂုဏ်ထူးတစ်ဘာသာပါသည့် ကျောင်းသားကို ထပ်ဆောင်းငွေ ၃၀ဝ၀ဝ ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


အိမို့မို့ခိုင်