မန္တလေး ၁၂ ဇူလိုင်
မန္တလေးဈေးချိုတွင် ဆိုင်ခန်းမထွက်ဘဲ ပိတ်ထားသည့် ဆိုင်ခန်း ၂၄၀ နီးပါးကို ကာလရှည်ကြာစွာ ပိတ်ထားပါက အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မန္တလေးဈေးချိုတော်တွင် ဆိုင်ခန်းမထွက်သည့်အတွက် အဆိုပါဆိုင်များတွင် လူမရှိဘဲ ကုန်ပစ္စည်းများထားခြင်း၊ ဆိုင်ပိတ်ထားခြင်းများ ရှိသည့်အတွက် မသမာသူများ၏ အန္တရာယ်များ ရှိနိုင်ကြောင်း သိရသည်။
‘တစ်ရုံလုံးလောက် လူလည်းမရှိ ဆိုင်ခန်းလည်းမထွက် ပစ္စည်းတွေပဲထားတဲ့ အနေထားမှာရှိတယ်။ ပထမတစ်ချက် စိုးရိမ်ရတာက မသမာသူတွေက မီးရှို့တာဆိုရင် အဲနေရာတွေက အန္တရာယ်ရှိတယ်။ မထွက်တဲ့ဆိုင်ခန်းတွေကို ထွက်ဖို့သတိပေးထားတယ်။ ကာလရှည်ကြာ မထွက်တာဆိုရင် အရေးယူဖို့ အစီစဉ်ရှိတယ်’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောသည်။
မန္တလေးဈေးချိုတော်တွင် ဆိုင်ခန်းပေါင်း ၃၂၁၉ ခန်းရှိပြီး ဈေးထွက်သည့်ဆိုင်ခန်း ၂၉၈၂ ခန်းရှိကာ ဈေးမထွက်သည့်ဆိုင်ခန်း ၂၃၇ ခန်းရှိကြောင်း သိရသည်။ ယခုလို ဆောင်ရွက်မည့် အစီစဉ်နှင့် ပတ်သက်ပြီး အခုလ ၂ ရက်ကပြုလုပ်သည့် မန္တလေးဈေးချိုတော်သူ၊ ဈေးချိုတော်သားများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံမှုတွင် ရှင်းလင်းပြခဲ့ကြောင်း သိရသည်။ မန္တလေးဈေးချိုတော်ကို ၁၉၉၄ ကစတင်ကာ အဆင့်မြင့်ဈေးချိုတော်အဖြစ် ဆောက်လုပ်ခဲ့သည်။
အိမို့မို့ခိုင်


