ကွန်ဟိန်း ၁၂ ဇူလိုင်   


ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ဇူလိုင်(၁၁)ရက် နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကွန်ဟိန်း(ကာလိ) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

1

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ဟိန်း မြို့နယ်၊ ဝမ်ပန်မြို့ရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ရင်ဖွင့်စကားသံများ ကြားနာရန်အတွက် ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများမှ ဒေသ၏လိုအပ်ချက်ဖြစ်သော အမှိုက်သယ်ယာဉ်၊ မီးသင်္ဂြိုဟ်စက်၊ လျှပ်စစ်မီးပုံမှန်လင်းရေး၊ မြို့မြေရပ်ကွက်အသစ်တိုးချဲ့ရေး၊ ပညာရေးအတွက် လိုအပ်လျက် ရှိသော ဆရာ၊ ဆရာမများရရှိနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီး ပြန်လည်ဖြေကြားကြပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို လာမည့်ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


ယင်းနောက် ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးစီးသော မွေးဖွားမှုပုံစံစာရင်း၊ လယ်ယာမြေပုံစံ(၇)၊ လျှပ်စစ်အိမ်သုံး မီတာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘီးခွန်တို့ကို ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဌာနအသီးသီးမှ လာရောက်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)