ခန္တီး ၁၂ ဇူလိုင်


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ဆင်သေကျေးရွာ နှင့်လက်ဖက်ခင်းကျေးရွာချင်းဆက် ကြိုးတံတားရေကျော်လျက်ရှိကြောင်း  ယမန်နေ့က ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။


လက်ဖက်ခင်းကျေးရွာသည် အိမ်ထောင်စု (၂၈)စုနှင့် အိမ်ခြေ (၁၅) အိမ်ရှိကြောင်း ခန္တီးမြို့နယ် လက်ဖက်ခင်းရပ်ကျေးစာရေးထံမှ သိရသည်။ ဆင်သေကျေးရွာသို့ ကျောင်းလာတက်သည့် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးရှိပြီး  တစ်ဦးလျှင်ကူးတို့ခ ကျပ်ငါးရာပေးပြီး စက်လှေဖြင့် ဆင်သေ အ.ထ.က ကျောင်းသို့ လာတက်ရသည်မှာ အန္တရာယ်များလှသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းဌေးထံမှ သိရသည်။


ဆင်သေ- လက်ဖက်ခင်း ကြိုးတံတားရေကျော်နေသည့် အခြေအနေကို ယမန်နေ့မွန်းလွဲက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေး၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးခင်မောင်ဆင့်နှင့် ဆင်သေကျေးရွာအုပ်ချုပ်ရေးမှူးတို့ သွားရောက်ကြည့်ရှုရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက “မြစ်ကမ်းဘေးအနီးရှိ ပတ်ဝန်းကျင်များတွင် ရေဝင်ရောက်မှု အခြေအနေကို သတိ၊ ဝီရိယနဲ့နေထိုင်ပြီး စောင့်ကြည့်ကြပါ၊ အန္တရာယ်များသည်၊ ရေတိုးလာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်အောင် သတိပေးနိုးဆော်ကြပါ”ဟု မှာကြားခဲ့ကြောင်း ဆင်သေ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ 


မိုးရွာသွန်းမှုနှင့်ပတ်သက်၍ မြေနိမ့်ပိုင်း နေအိမ်အချို့၏ အောက်ခြေတွင် ရေများ ဝင်ရောက်လျက် ရှိသော်လည်း ပြောင်းရွှေ့ရသည်အထိ မရှိသေးကြောင်း ဆင်သေအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။


စနေမောင်(ခန္တီး)