နေပြည်တော် ၁၁ ဇူလိုင်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ဌာနေကိုယ်စားလှယ် Mr. Johan Cels အား ယမန်နေ့ ညနေ (၄) နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်တွင် ဝန်ကြီးဌာနနှင့် UNDP၊ UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာ သက်တမ်းတိုးမြှင့်နိုင်ခြင်းအတွက် လုပ်ငန်းများဆက်လက် ဆောင်ရွက်နိုင်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ ပြည်သူများအတွက် ဒေသလုံခြုံရေးအခြေအနေ ပေးပါက ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် ယခုလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ညှိနှိုင်းဆွေးနွေးဆောင်ရွက်မည့်အစီအစဉ်၊ မိုးရာသီကာလအတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသသို့ UNHCR မှ သွားရောက်ဆောင်ရွက်မည့် အစီအစဉ်များအား ခေတ္တဆိုင်းငံ့ထားမှုနှင့် လုပ်ဆောင်နိုင်မည့် အခြားလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ခွင့်ပြုချက်တင်ပြဆောင်ရွက်သွားမည့်အစီအစဉ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် UNHCR မှ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးမှု၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လာချင်သူများအတွက် နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နှစ်နိုင်ငံညှိနှိုင်းမှုအရ တရားဝင် လုပ်သားများဖြစ်စေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ မြန်မာနိုင်ငံသားဟုဆိုသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် UNHCR မှ ရေးဆွဲထားသည့် စီမံချက်စာတမ်းအပေါ် လေ့လာသုံးသပ် အကြံပြုပေးနိုင်ရေးကိစ္စ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် UNHCR မှ နီးကပ်စွာ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


