ရန်ကုန် ၁၂  ဇူလိုင် 
 
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကို ယနေ့ နံနက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ကျင်းပသည်။

ရှေးဦးစွာ  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေနှင့် နည်းဥပဒေ (မူကြမ်း)၊ ၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံနှင့် ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းများ၊ အသင်း နှင့်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများနှင့်စပ်လျဉ်း၍  ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တက်ရောက်အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက်  ဆွေးနွေးကြသည်။

 မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေအရ (၁၂)ကြိမ်မြောက် ကြက်ခြေနီညီလာခံ သက်တမ်း (၂၀၁၆-၂၀၁၉)သည် လာမည့် နိုဝင်ဘာလတွင် သုံးနှစ် သက်တမ်းပြည့်မည် ဖြစ်သည့်အတွက် လာမည့် (၂၀၂၀-၂၀၂၂) ကြက်ခြေနီညီလာခံ သက်တမ်းအတွက် ကြက်ခြေနီလှုပ်ရှားမှုနှင့် ဆက်စပ်သည့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် (၁၃)ကြိမ်မြောက် ကြက်ခြေနီညီလာခံအတွက် အသင်းနှင့် ရည်ရွယ်ချက်ခြင်း တူညီပြီး အသင်း၏ ရှေ့ဆက်လုပ်ဆောင်မည့် ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးလုပ်ငန်းစဉ်များတွင် အတူပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်နိုင်မည့် မိတ်ဖက် လူမှုအဖွဲ့အစည်းများကို ကိုယ်စားလှယ်များအဖြစ် ရွေးချယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)