မြစ်ကြီးနား ၁၂ ဇူလိုင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အဝင် မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမပေါ်ရှိ မော်ဖောင်း ကျေးရွာအနီးတွင် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီက မော်တော်ယာဉ်ဖြင့် တရားမဝင် တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲဝင်များ၊ အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မော်ဖောင်းကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ဘက်မှ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးကွက်သစ် ရပ်ကွက်နေ ကိုစိုင်း(ခ)ဝေမင်းဦး (၃၅ နှစ်) မောင်းနှင်ပြီး သီဟ(၂၂ နှစ်) လိုက်ပါလာသည့် MDY-9G/---- နံပတ်တပ်ဆင်ထားသည့် LIFAN-A-6 အမျိုးအစား ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ကြမ်းခင်းပြားအတွင်း အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် အဝါရောင်တိပ်ပတ်ထားသော တရားမဝင်ကျောက်စိမ်း ၃၃၃ ထုပ်မှ အလေးချိန် ၁၄၀ဝ ကီလို၊ ပီနံအိတ် ၃၅ အိတ်မှ အလေးချိန် ၉၄၅ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်စိမ်းအရိုင်းတုံးများ တရားမဝင် သယ်ဆောင်သူ ကိုစိုင်း(ခ)ဝေမင်းဦးနှင့် သီဟအား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)