မြစ်ကြီးနား  ၁၂ ဇူလိုင် 
    

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်းနှင့် မြို့နယ်အချို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကြီးနားမြို့ပေါ်  ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကွင်းဆင်း စစ်ဆေးကြသည်။

 

1


    

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနား - နမ္မတီးသွား လမ်းပေါ်ရှိ နန်းကွေ့ချောင်းတံတားအနီးတွင် လမ်းရေကျော်မှုကြောင့် ခရီးသွားပြည်သူများဖြတ်သန်းသွားလာမှု အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး ထိုမှတစ်ဆင့် ပမ္မတီးရေကြည်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုနေမှု အခြေအနေ၊ မြို့သစ်ကြီးရပ်ကွက်အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် ဇီးလွန်ရပ်ကွက်အတွင်း ယနေ့ နံနက်ပိုင်း မြစ်ရေဝင်ရောက်မှုကြောင့် လယ်ကုန်းဗက်လင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၌ ရပ်ကွက်အတွင်းရှိ ရေဘေးသင့်မိသားစုများ ရွှေ့ပြောင်းနေထိုင်မှုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ရေကြီးမှုဖြစ်စဉ်ကြောင့် ရေဘေးသင့်မိသားစုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးနှင့် ရေကျသွားသည့်အခါတွင် ဆောင်ရွက်ထားရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရေး ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

 

1


    

မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုနှစ်သည် ခါတိုင်းနှစ်များနှင့်မတူဘဲ ဧရာဝတီမြစ် အထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ပြည်သူများရေဘေးသင့်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ယာယီစခန်းများ ဖွင့်လှစ်၍ ကာကွယ်စောင့်ရှောက်မှုပေးထားသော်လည်း ရေရှည်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးသင့်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးတို့အတွက် ယာယီစခန်းသစ်များဖွင့်လှစ်၍ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင်လည်း ဖြစ်ပေါ်လာမည့် ကိစ္စရပ်များအတွက် ကြိုတင်အစီအမံများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မြစ်ရေကြီးမှုဖြစ်စဉ်အတွက် ရေတား တာဘောင်၊ ရေထိန်းတမံများဖြင့် ကြိုတင်ကာကွယ်နိုင်ရေး အစီအမံများ စနစ်တကျရေးဆွဲ၍ ဆောင်ရွက်ထားကြရန်လိုကြောင်း မှာကြားသည်။

 

1


    

ယင်းနောက် ပြည်နယ်သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနေဝင်းက ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကာကွယ်စောင့်ရှောက်မှုနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီအသီးသီးက ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်အခြေအနေများနှင့်ကယ်ဆယ်ရေးလုပ်ငန်း၊ ယာယီစခန်းများဖွင့်လှစ်၍ အစားအသောက်များ ထောက်ပံ့ပေးနေမှု အခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီအသီးသီးနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

1


    

ကချင်ပြည်နယ်အတွင်း လက်ရှိအချိန်အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနား ခရိုင်အတွင်း မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် တီယန်ဇွပ်၊ စံကင်း၊ ဟိုကပ်၊ ဆင်ဘိုဒေသတို့တွင် အိမ်ထောင်စုပေါင်း (၆၄၇)စု ရေဘေးသင့်လျက်ရှိပြီး  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် တနိုင်းမြို့တို့တွင် လည်းကောင်း၊ ပူတာအိုခရိုင်အတွင်း၌လည်း ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပွားလျက်ရှိကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရှိရသည်။


MDN

 

1