နေပြည်တော် ၁၂  ဇူလိုင်

(၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေး တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နှလုံးသားထဲကပုဂံ ဓာတ်ပုံ အဖွဲ့ဝင်များ၊ ဒေသခံပုဂံချစ်သူများနှင့် ပုဂံဒေသကို ချစ်မြတ်နိုးသူများက ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုကြသည်။

အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၊ ဘာကူကွန်ဗင်းရှင်းစင်တာ၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် ဇူလိုင် ၆ ရက်က သတ်မှတ်ကြေညာခဲ့သည်။


ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းများကို ၂၀၁၄ခုနှစ် ဇွန် ၂၂ ရက်က ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီး ယခု ပုဂံဒေသသည် မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

 

mdn

 

ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံ အစည်းအဝေးသို့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်) ဦးကျော်ဇေယျက ဦးဆောင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ နှလုံးသားထဲက ပုဂံ ဓာတ်ပုံအဖွဲ့ဝင်များနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ရေးအတွက် စိတ်ပါဝင်စားသူများ ပူးပေါင်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ညီလာခံအတွင်း မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် (၂၁)နိုင်ငံမှ ကော်မတီဝင်များနှင့် ညီလာခံတက်ရောက် လာသည့် ကိုယ်စားလှယ် များအား ပုဂံဒေသအကြောင်း၊ သမိုင်းတန်ဖိုးများ အကြောင်းကို ရှင်းလင်းတင်ပြခြင်း၊ မြစေတီ ကျောက်စာ ပုံတူ၊ VCD အခွေများ ဝေငှခြင်းနှင့် မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံအကြောင်း ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်