မြစ်ကြီးနား ၁၂ ဇူလိုင်

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၁ ရက်က မြစ်ကြီးနားမြို့တွင် ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့သွားရောက်ကာ လိုအပ်သည့် ထောက်ပံ့ကူညီရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ဇူလိုင် ၁၁ ရက်က နေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရမ်ပူနှင့် ပမ္မတီးရပ်ကွက်တို့တွင် ယာယီဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းများသို့ သွားရောက်ကာ ရေဘေးသင့်အိမ်ထောင်စု ၂၇၉ စုမှ လူဦးရေ ၁၃၂၉ ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာနှင့် ငွေကျပ် ၂၇ သိန်းကျော်အား ယာယီစခန်းတာဝန်ခံများထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုမှာ ဇူလိုင် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန် ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ၁၁၆၁ စင်တီမီတာသို့ ရောက်ရှိနေပြီး မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၂၀ဝ စင်တီမီတာဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကချင်ပြည်နယ်တာဝန်ခံ ဦးတင်ထိုက်ထံမှ သိရသည်။

ဝင်းနိုင်