နေပြည်တော် ၁၂  ဇူလိုင် 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကိုယနေ့နံနက် ၁၀ နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်(မကွေးတိုင်းဒေသကြီး တာဝန်ခံ)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊ နိုင်ငံရေးပါတီ(၇)ပါတီမှ တာဝန်ရှိသူများ၊ မသန်စွမ်းအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ အရှိုချင်း တိုင်းရင်းသားကိုယ်စားလှယ်နှင့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကိုလွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင် သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့်ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည် ဟူသောစံ(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်ဇယား ရေးဆွဲချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယခု ၂၀၁၉ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုသည့်နှစ်အဖြစ် သတ်မှတ်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် မှန်ကန်တိကျသော မဲဆန္ဒရှင်စာရင်းများရရှိစေရေး၊ မသန်စွမ်းများ ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။
 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ခရိုင်အဆင့် လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုလူဦးရေစာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့များဖွဲ့စည်း တာဝန်ပေး အပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အဓိက တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စိစစ်ပေးမည်ဖြစ်ကြောင်း၊ ကောက်ယူရရှိသည့် စာရင်းများကိုသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲဆန္ဒရှင်စာရင်းအဖြစ် စိစစ်ပြုစုသွားမည် ဖြစ်ပြီး မဲစာရင်းပြုစုချိန်နှင့် မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာချိန်တို့တွင် မဲဆန္ဒရှင်ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှုလိုအပ်ပါကြောင်း၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးခင်မောင်မြင့်က မကွေးတိုင်း ဒေသကြီး အတွင်းရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးစိုးထွဋ်ဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏မဟာဗျူဟာစီမံကိန်း(၂၀၁၉-၂၀၂၂)နှင့် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။


ထို့နောက် တက်ရောက်လာသောရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက် များကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်

 

1