နေပြည်တော် ၁၂ ဇူလိုင်
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ကြားလျက်ရှိကြသည့် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားအား ယနေ့မွန်းလွဲ (၃)နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၏ဇနီး ဒေါ်နီလာလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီး၏ဇနီး၊ တာဝန်ရှိသူများက ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ထူးချွန်ဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး (၅)ဘာသာဂုဏ်ထူးရှင် မဆုဝတ်ရည်နှင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/သမီး (၁၉၉)ဦး၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား/သမီး (၁၂၀၁) ဦး၊ စုစုပေါင်း (၁၄၀ဝ) ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ ၅ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၄၇)ဦး၊ ဂုဏ်ထူးရရှိသူ စုစုပေါင်း (၆၉)ဦး၊ လူရည်ချွန်ကျောင်းသား (၃)ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် (၈၅%)ဖြင့် အောင်ချက်အကောင်းဆုံး ပထမဆုရ ပင်လည်ဘူးလူငယ်သင်တန်းကျောင်း၊ အောင်ချက် (၇၇.၃၃%) ဖြင့့်် ဒုတိယအောင်ချက်အကောင်းဆုံးဆုရ ဘားအံ လူငယ်သင်တန်းကျောင်းနှင့် အောင်ချက် (၆၃.၁၆%)ဖြင့် တတိယအောင်ချက်အကောင်းဆုံးဆုရ ဟားခါးလူငယ်သင်တန်းကျောင်း တို့ကို ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


