နေပြည်တော် ၁၂ ဇူလိုင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင် (ပဲခူးတိုင်းဒေသကြီးတာဝန်ခံ)၊ တိုင်း/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအရာရှိများ ၊ နိုင်ငံရေးပါတီ (၁၂)ပါတီမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာ လူထုအသိပညာပေးဆောင်ရွက်နေသော အရပ်ဘက်လူမှုအဖွဲ့အစည်း (၈) ဖွဲ့မှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများအရေးဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ အမျိုးသမီးကဏ္ဍ ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်ခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ်တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့်စံ(၅)ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အချိန်ဇယားချ မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှစ်အဖြစ် သတ်မှတ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်စေရေးနှင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းရေးဆွဲထားသည့် လူဦးရေ စာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချက်အလက်များ မှန်ကန်စေရေးအတွက် မဲဆန္ဒရှင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ဆန္ဒမဲပေးခြင်းဖြင့် ဒီမိုကရေစီအခွင့်အရေးရယူကြပြီး ဒီမိုကရေစီစနစ် ရှင်သန်အောင် ပြည်သူများ အနေဖြင့် ဖော်ဆောင်ပေးစေလိုကြောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့်လည်း မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်မိုးက လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များနှင့် မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ပြန်လည် ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


