နေပြည်တော် ၁၂ ဇူလိုင်
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးတင်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြပြီး ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရေလှောင်တမံသို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတအား မိုးဗြဲရေလှောင်တမံ ရှင်းလင်းဆောင်၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မိုးဗြဲ ရေလှောင်တမံဆိုင်ရာ အချက်အလက်များနှင့် မိုးဗြဲရေလှောင်တမံအား အခြေပြုပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက မိုးဗြဲရေလှောင်တမံအနီးတွင် ခရီးသွားများ ခေတ္တနားနေနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေနေရာရရှိရေး၊ ဘီလူးချောင်းတစ်လျောက် ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေး၊ မိုးဗြဲရေလှောင်တမံမှ လွိုင်ကော်မြို့သို့သွားရောက်သည့် ကျောက်ခင်းလမ်းအား အဆင့်မြှင့်တင် ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုအခါပုဂံဒေသမှာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခံရပြီဖြစ်ရာ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိုးဗြဲရေ လှောင်တမံ ရေထိန်းတံခါးအသုံးပြု၍ ကယားပြည်နယ် လွိုင်ကော်မှ ရှမ်းပြည်နယ် အင်းလေးဒေသသို့ ရေလမ်းခရီးဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားရောက်နေပြီဖြစ်ရာ ယခုရေလှောင်တမံသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တစ်ဘက်မှ အကျိုးပြုနေသဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး ရေထိန်းတံခါးများ ကြံ့ခိုင်ရေးနှင့် အဖွင့်အပိတ်အား စနစ်တကျကြီးကြပ် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ယခုနှစ်တွင် မုတ်သုံအဝင်နောက်ကျပြီး မုတ်သုံအထွက်စောနိုင်မည် ဖြစ်သည့်အတွက် ရေဝင်ရောက်မှုနည်းနိုင်ကြောင်း၊ ထို့ကြောင့် ဝင်ရောက်သည့်ရေကို စနစ်တကျ ထိန်းသိမ်းသွားနိုင်ရန် ဆည်ရေကိုစီမံခန့်ခွဲနေသည့် ဝန်ထမ်းများ သာမကရေအသုံးပြု ပြည်သူများကိုလည်း ရေကိုအလေအလွင့်မရှိ စနစ်တကျထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်စေရေး အသိပညာပေးခြင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းနှင့် ဆည်တမံများ၏ သက်တမ်းများကို ထည့်သွင်းစဉ်းစား၍ ဆည်တမံများကြံ့ခိုင်ရေးကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မပြတ်စောင့်ကြည့်ရန် လိုကြောင်း မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ရေပိုလွှဲအဆောက်အအုံပေါ်မှ စက်လှေဆိပ်ပြု လုပ်သည့်ရေထိန်းတံခါးနေရာနှင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုကို ကြည့်ရှုသည်။
မိုးဗြဲရေလှောင်တမံသည် ဘီလူးချောင်းမှ စီးဆင်းလာသည့်ရေကို ထိန်းသိမ်းသိုလှောင်၍ လောပိတရေအားလျှပ်စစ် စက်ရုံ (၃) ရုံ ပုံမှန်လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ရေပေးဝေလျက်ရှိကာ ဒေသခံ ပြည်သူများကိုလည်း စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုအခါ မိုးဗြဲရေလှောင် တမံရေထိန်းတံခါးများမှ စက်လှေများဖြတ်သန်း၍ သွားလာနိုင်သဖြင့် ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ပြုလျက်ရှိကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် လွိုင်လင်လေးမြို့၊ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးရေတံခွန်သို့ ရောက်ရှိပြီး ရေတံခွန်အားအခြေပြု၍ ခရီးသွားများ လာရောက်လည်ပတ် အပန်းဖြေနိုင်ရန် ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုသည်။
အဆိုပါ ထီးစဲခါးရေတံခွန်သို့ ပွင့်လင်းရာသီတွင် ခရီးသွားများတစ်ရက်လျင် ၁၀ဝ၀ ကျော်လာရောက်လည်ပတ် အပန်းဖြေကြကြောင်းသိရသည်။
ထို့နောက် ဒုတိယသမ္မတသည် ဒီမောဆို့မြို့နယ် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူးကျေးရွာသို့ ရောက်ရှိရာ ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာအကများဖြင့် ကြိုဆိုကြပြီး ဒုတိယ သမ္မတက ရိုးရာယဉ်ကျေးမှု ပစ္စည်းအရောင်းဆိုင်များနှင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ထားမှုအား လိုက်လံကြည့် ရှုသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသခံကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။
ပန်ပက်ကျေးရွာအုပ်စုသည် ယခင်ကသာမန် မိရိုးဖလာ လုပ်ငန်းများကိုသာ လုပ်ကိုင်ခဲ့ကြရာ ၂၀၁၆ခုနှစ်မှ စတင်ပြီး ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ကြောင်း။ ထိုသို့လုပ်ကိုင်မှုများကြောင့်ယခုအခါ ပန်ပက်ကျေးရွာအုပ်စု မှ စလုံး၊ ရွမ်းကူး၊ ကတဲကူ၊ ပင်မဆောင်၊ ဒေါကီးကျေးရွာများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ တစ်နှစ်လျင် တစ်သောင်းကျော် လာရောက်၍ ကယန်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံများကို လာရောက်လေ့လာလျက်ရှိရာ ဒေသခံများ အလုပ်အကိုင် ရရှိလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ရွမ်းကူး၊ ကတဲကူ၊ ဆောင်လူးကနား၊ ပင်မဆောင်၊ ဒုန်းကဲ၊ သန်းကူးကျေးရွာများနှင့် ၂၀၁၈-၂၀၁၉ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စု ယဉ်ကျေးမှုဆိုင်တန်း၊ ပေါ်ကူး၊ ပရိုက်ကူ၊ လင်ဆောင်ဒေး (၁) နှင့် (၂) ကျေးရွာများအား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပန်ပက် ကျေးရွာအုပ်စုမှ ကျေးရွာ (၇) ရွာအား ရွာတွင်းလမ်းများ ကျောက်ချောလမ်းခင်းခြင်း၊ ကတ္တရာလမ်းခင်းခြင်းနှင့် ရေပြွန် တည်ဆောက်ခြင်းများကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပန်ပက်ကျေးရွာအုပ်စုမှ ကျေးရွာများအား တစ်နေ့လျင်ရေဂါလံ ၃၀ဝ၀ဝ ကျော်ပေးဝေနိုင်သည့် ရေပေးဝေရေး လုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် ငွေတောင်ဆည်သို့ ရောက်ရှိ၍ ဆည်အတွင်း ရေဝင်ရောက်မှု အခြေအနေကို ကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝေလွင်က ငွေတောင်ဆည်ဆိုင်ရာ အချက်အလက်များနှင့် ငွေတောင်ဆည်မှ ဒေသခံပြည်သူများအား စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာပေးရေး ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့အတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး ဆောင်ရွက်ထားသည့် ဘီလူးချောင်းအတွင်း စက်လှေဖြင့်လိုက်လံ ကြည့်ရှုသည်။
(သတင်းစဉ်)


