လာဟိုး ၁၃ ဇူလိုင်
ပါကစ္စတန်အလယ်ပိုင်း၌ ဇူလိုင် ၁၂ ရက် ကဖြစ်ပွားသော ရထားတိုက်မှုတွင် လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး ရရှိသောဒဏ်ရာများဖြင့်ပင် သေဆုံးသူဦးရေ ၂၃ ဦးအထိ မြင့်တက်လာကြောင်း အရာရှိများက ပြောသည်။
အဆိုပါရထားတိုက်မှုသည် ပန်ဂျပ် ပြည်နယ် ရာဟင်ရာခန်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လာဟိုးအရှေ့ပိုင်းမြို့တစ်မြို့မှ ခုတ်မောင်းလာသော လူစီးရထားသည် ရထားလမ်းဖြတ်တစ်နေရာတွင် ရပ်ထားသော ကုန်တင်ရထားကို ဝင်ရောက်တိုက်မိရာမှ ယခုကဲ့သို့ ဝမ်းနည်း ဖွယ်သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးရ သတင်းအချက် အလက်များအရ သေဆုံးသူဦးရေမှာ ၂၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပါကစ္စတန် အဆင့်မြင့်ရထားရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ရထားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၃ ဦးကိုလည်း ကုသပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။ ကယ်ဆယ်ရေးသမားများသည် ရထားတိုက်မှုတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆွဲထုတ်ခဲ့ရသကဲ့သို့ ဒဏ်ရာရနေသူများကိုလည်း ဆွဲထုတ်ကယ်ဆယ်ခဲ့ရကြောင်း အခြားရထား ရဲအရာရှိတစ်ဦးက ပြောသည်။
ရထားတိုက်မှု ဖြစ်ပွားခဲ့သဖြင့် ကစဉ့်ကလျားဖြစ်နေသော ရထားလမ်းကို ယခုအမြန်ရှင်းလင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။ ထို့အပြင် ရထားတိုက်မိမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အမိန့် ထုတ်ပြန်ထားကြောင်းလည်း ၎င်းကပြောသည်။
ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်က ရထားဝန်ကြီးအား ဆယ်စုနှစ်ကြာညောင်းနေသော ရထားလမ်းပိုင်းများကို အရေးပေါ် အဆင့်များသတ်မှတ်ကာ အမြန်ဆုံး ပြင်ဆင်နိုင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ပါကစ္စတန်တွင် ရထားတိုက်မိမှုများသည် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်များဖြစ်သည်။ ပါကစ္စတန်တွင် အကျင့် ပျက်ခြစားမှုကြောင့် ဆယ်စုနှစ်ချီကြာ ယိုယွင်းနေသော ရထားလမ်းအခြေအနေများ၊ လွဲမှားစွာစီမံခန့်ခွဲမှုများနှင့် ရင်းနှီး မြှုပ်နှံမှုမရှိခြင်းတို့ကြောင့် ယခုလို ရထားတိုက်မှုများဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ