ပူတာအို ၁၃ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကာ အင်ဂေါမကျေးရွာအနီး တံတား(၁)စင်း ပျက်စီးမှုကြောင့် ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီနားပြည်ထောင်စုလမ်းမကြီးတွင် ခရီးသွားလာမှု ယာယီပြတ်တောက်လျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ဇူလိုင်(၁၂)ရက်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး (၂၉၆/ဝနှင့်၃၀ဝ/ဝ) ကီလိုမီတာကြား လမ်းမြေသားပဲ့ကျခြင်း၊ ကီလိုမီတာ(၂၈၉/ဝနှင့်၂၉၄/ဝ) အကြားနှင့် (၃၂၁/ဝနှင့်၃၂၇/ဝ)ကြားတွင် တောင်မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် အင်ဂေါမကျေးရွာအုပ်စု၊ ကီလိုမီတာ(၁၄၉/ဝ)အနီးရှိ တံတားအမှတ်(၄/၁၄၉)၊ပေ(၈၀)တစ်လွှာတစ်ထပ် ဘေလီသံဘောင် သစ်သားတံတား ရေကျော်ပျက်စီးမှုများကြောင့် ခရီးသွားလာမှု ယာယီပြတ်တောက်လျက်ရှိကာ တံတားအထူးအဖွဲ့(၁)မှ စက်ယန္တရားများ၊ လူအင်အားများဖြင့် ပုံမှန်အတိုင်း သွားလာနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းညွှန့်(ပူတာအို)


