ဂန့်ဂေါ ၁၃ ဇူလိုင်
ဂန့်ဂေါမြို့နယ်၌ ကြွပ်ကြွပ်အိတ်အသုံးပြုမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်ကျော် ကာလမှ စတင်ကာ မြို့မဈေးအတွင်း စည်းရုံးဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကြွပ်ကြွပ်အိတ်အစားထိုး အသုံးပြုမှုနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ရှိ ပြည်သူများထံ အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ရုံးဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ဇူလိုင် ၁၂ ရက်က အဖွဲ့ရုံး၌ ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက ကြွပ်ကြွပ်အိတ်ကြောင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ရှင်းလင်း၍ ပလပ်စတစ်များသည် ရာသက်ပန်မပျက်စီးဘဲ တည်ရှိကြောင်း၊ စွန့်ပစ်လိုက်တိုင်း ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ထည့်သွင်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိန်ကျော်


