ဘုတလင် ၁၃ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြေဆီလွှာ ဖွံဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာ စစ်ဆေးရေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က ဆည်ဝကျေးရွာ၊ တောင်သူ ဦးကျော်အောင်၏ စိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လက်တွေ့သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာ စစ်ဆေးရေး လက်တွေ့သရုပ်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ချိုချိုမာနှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေရီကျော်တို့က မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဓာတ်မြေသြဇာ စနစ်တကျ သုံးစွဲရေးတို့ကို ရှင်းလင်းပြောကြားကာ မြေနမူနာ လက်တွေ့ကွင်းဆင်းရယူခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းတို့ကို တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြသည်။

 

လက်တွေသရုပ်ပြသသည့် မြေသည် မိုးစပါး စိုက်ပျိုးမည့် မြေ ဖြစ်ပါကြောင်း၊ လက်တွေ့စမ်းသပ်ချက်အရ အဆိုပါမြေတွင် သစ်စေးဓာတ် နည်းနေသည့်အတွက် သစ်ဆေးမြေသြဇာ၊ သဘာဝမြေသြဇာ ပိုမိုသုံးစွဲရေးနှင့် စပါးတင်း(၁၀ဝ) ထွက်ရှိနိုင်ရေးအတွက် ယူရီးယား(၁၆၈)ပေါင် သုံးစွဲရန် လိုအပ်ကြောင်း၊ မြေဆီလွှာ စမ်းသပ်စစ်ဆေးပြီး မြေသြဇာနှုန်းထားကို တွက်ချက်ပေးခဲ့ပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာက ပြောသည်။

 

အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုမာ၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ချိုချိုမာ၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေရီကျော်နှင့် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ဆည်ဝကျေးရွာမှ ဒေသခံတောင်သူ(၇၁)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

1