ရှိန်းခန့်ဇော် (ပင်းတယ)

 

မြန်မာနိုင်ငံတော်ကြီးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ဖြင့် ဖွဲ့စည်းထားသောနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အမျှ ထိုသို့သောတိုင်းဒေသကြီးများတွင်လည်း ထင်ရှားသောနေရာများ၊ ရိုးရာယဉ်ကျေးမှုများ စသည်ဖြင့် ရှေးအစဉ်အလာများကို ထိန်းသိမ်းထားသင့် သည့် အမွေအနှစ်များ များစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ် သည်။ အမွေအနှစ်ဟုဆိုလိုက်သည်နှင့် တန်ခိုးကြီးဘုရားများ၊ အပန်းဖြေနေရာများ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ နေထိုင်စားသောက်မှု စသည်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်း ထားရမည့် အရာများစွာရှိသည်။ ထိုသို့ ထိန်းသိမ်းထား သင့်သည့် အမွေအနှစ်များတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် အလယ်ချောင် ကျေးရွာရှိ ရိုးရာအမွေလုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ အများအပြားလာရောက်ကြသော စယဉ်းတောင်ဟု ခေါ်သည့် အလယ်ချောင်ရေတံခွန်သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။

 

ထိုအလယ်ချောင်စံပြကျေးရွာနှင့် စယဉ်းတောင် သို့မဟုတ် အလယ်ချောင်ရေတံခွန်များသို့ ခရီးသွား ပြည်သူအများစုသည် ရုံးပိတ်ရက်၊ အားလပ်ရက်များနှင့် ဝါတွင်းကာလများတွင်သာမက နွေ၊ မိုး၊ ဆောင်းစသည်ဖြင့် ရာသီသုံးပါးစလုံးတွင် စဉ်ဆက်မပြတ် လာရောက်လည်ပတ် နေကြသည်။

 

အလယ်ချောင်စံပြကျေးရွာသည် ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာငံမြို့၏တောင်ဘက် ၁၇ မိုင်အကွာတွင် တည်ရှိပြီး အောင်ပန်း-ရွာငံလမ်းအတိုင်းလာမည်ဆိုလျှင် ကျောက္ကူ လေးရွာသို့ ရောက်ပြီးသည်နှင့် ပင်းတယဘက်သို့သွားသည့် လမ်းမကြီးအတိုင်း အရှေ့ဘက်သို့ တစ်မိုင်ခွဲခန့်ဝင်ရမည်ဖြစ်သည်။

 

အလယ်ချောင်ရွာသူရွာသားများမှာ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။ လက်ဖက်၊ လိမ္မော်၊ တညင်း၊ ထောပတ်၊ ဂေါ်ဖီ၊ မြေပဲနှင့် နှမ်းတို့ကိုအဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပြီး အခြားသော နှစ်တို၊ နှစ်ရှည်သီးနှံများကို စိုက်ပျိုးကြသည့် တောင်သူများဖြစ် သည်။ လွန်ခဲ့သောသုံးနှစ်ခန့်က အလယ်ချောင်ကျေးရွာမှာ အိမ်သုံးပရိဘောဂများကို ကြိမ်နှင့် ပြုလုပ်သောသင်တန်း များ ဖွင့်လှစ်ခြင်းများရှိခဲ့ပါသည်။ ယခုအချိန်တွင် သင်တန်း အနေဖြင့် သီးသန့်မဖွင့်တော့ဘဲ ရွာတွင်ရှိသောအဘိုး အဘွားများက ကြိမ်လက်မှုပညာစိတ်ဝင်စားသူများကိုသင်ပေးလျက်ရှိသည်။ ကြိမ်နှင့် ပြုလုပ်သော လက်မှု ပစ္စည်းများ၊ အသုံးအဆောင်များကို ထုတ်လုပ်လျက်ရှိ သည်။ တံမြက်စည်း ပြုလုပ်သောလုပ်ငန်းများနှင့် ကြိမ်ဖြင့် ပြုလုပ်သည့် အသုံးအဆောင်ပစ္စည်းများကိုလည်း တွင်ကျယ်စွာလုပ်ကိုင်ကြသည်။

 

အလယ်ချောင်စံပြကျေးရွာအုပ်စုသည် အလယ် ချောင်ရွာ၊ မြေနီကုန်းရွာ၊ မြောက်လက်ကုန်းရွာ၊ လူးရွာ၊ ဝါးပိုးရေရွာ၊ ညောင်ခြေထောက်ရွာ စသည့်ရွာ ခြောက်ရွာဖြင့် စုစည်းထားသော ကျေးရွာအုပ်စုဖြစ်သည်။ အလယ်ချောင် ရွာ၊ မြေနီကုန်းရွာနှင့် မြောက်လက်ကုန်းရွာတို့မှာ ဓနု တိုင်းရင်းသားတို့ နေထိုင်သည့်ရွာ သုံးရွာနှင့် လူးရွာ၊ ဝါးပိုးရေရွာနှင့် ညောင်ခြေထောက်ရွာများမှာ ပအိုဝ်း တိုင်းရင်းသားတို့နေထိုင်ရာ ရွာများဖြစ်ကြသည်။ အလယ် ချောင်စံပြကျေးရွာတွင်ရှိသော ဓနု၊ ပအိုဝ်းတိုင်းရင်းသား များကို ဆရာတော် အရှင်စန္ဒောဘာသဦးစီးပြီး လမင်း ရောင်ခြည်ပရဟိတအသင်း ဖွဲ့စည်းပေးကာ ထိုပရဟိတ အသင်းသည် ၁၅ ရက်တစ်ကြိမ် ဘုန်းတော်ကြီးကျောင်းနှင့် ရပ်ရွာဝေယျာဝစ္စများ၊ ကျေးရွာအတွင်းသန့်ရှင်းရေးများကို ပြုလုပ်ပေးလေ့ရှိသည်။

 

အလယ်ချောင်စံပြကျေးရွာတွင် နေထိုင်ကြသူများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများဖြစ်သကဲ့သို့ ရွာခွဲ ခြောက်ရွာသည် ရွာတိုင်းတွင်ဘုန်းတော်ကြီးကျောင်း များရှိပြီး အလယ်ချောင်ကျေးရွာ၏မြောက်ဘက်တွင် မိုးကုတ်ရိပ်သာငွေစန္ဒာဓမ္မာရုံရှိပါသည်။ ထိုဓမ္မာရုံတွင် နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း (၄)ရက်မှ (၁၄)ရက်နေ့ အထိ တစ်ကြိမ်၊ သင်္ကနြ်ကာလအတွင်းမှာ တစ်ကြိမ် တစ်နှစ်မှာ(၂)ကြိမ် ဆရာတော် အရှင်စန္ဒောဘာသက ဦးစီး ဦးဆောင်ပြီး ဝိပဿနာတရားစခန်းများ ဖွင့်လှစ်လျက်ရှိသည်။

 

အလယ်ချောင်စံပြကျေးရွာမှ ပင်းတယသို့သွားသည့် လမ်းအတိုင်း မိုင်ဝက်ခန့်သွားမည်ဆိုပါက ဆရာရသေ့နေ သည့် ကျောင်းရှိသည်။ ထိုကျောင်းတွင် တန်ဆောင်မုန်း လမှာ ဆီမီးပူဇော်ပွဲလုပ်လေ့ရှိသည်။ အလယ်ချောင် ကျေးရွာ ခြောက်ရွာပေါင်းလျှင် အိမ်ထောင်စု ၁၀ဝ၀ ကျော် ရှိသည်။ ထိုအလယ်ချောင်ကျေးရွာတွင်လည်း ရွာ ခြောက်ရွာနှင့်အတူ အခြားသောရွာများမှ လာရောက် ရောင်းချကြသည့် မနက်ခင်းဈေးအဖြစ် ခင်းကျင်းရောင်းချကြသည့် အလယ်ချောင်ဈေးလည်းရှိပါသည်။

 

စယဉ်းတောင် (သို့မဟုတ်) အလယ်ချောင်ရေတံခွန် ကို အလယ်ချောင်စံပြကျေးရွာမှ ပင်းတယဘက်သို့ ထွက်ခွာ သည့်လမ်းအတိုင်းသွားမည်ဆိုလျှင် အရှင်ရသေ့ကျောင်းကိုမရောက်မီ အလယ်ချောင်ရွာမှ ၁၅ မိနစ်မျှသွားလျှင် ရောက်ရှိသည်။ ရေတံခွန်လမ်းခွဲကိုရောက်သည့်အခါ ယာဉ်ရပ်နားစခန်းတွင် ယာဉ်ရပ်နားခကို အခကြေးငွေမပေးရဘဲ အပ်ထားခဲ့နိုင် သည့် စခန်းငယ်ရှိသည်။ ဆိုင်ကယ်များကို ရေတံခွန်ရှိရာ ဆီသို့ အရောက်စီးသွား၍ မရနိုင်သော်လည်း သုံးပုံနှစ်ပုံ ခန့်မျှ စီးဝင်လို့ရနိုင်သည်။ ကားဖြင့် လာရောက်သူများ သည် မိနစ် ၂၀ မျှ လမ်းလျှောက်ရမည်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် လာသူများသည် ဆိုင်ကယ်ထားသည့်နေရာမှ ၁၀ မိနစ်ခန့် လမ်းလျှောက်ကြရမည်ဖြစ်သည်။

 

ခရီးသည်အများစုက ဘာဖြစ်လို့ ရေတံခွန်အထိ ကားလမ်းပေါက်အောင် မဖောက်ထားကြတာလဲဟု မေးကြ သူများရှိသည်။ ရေတံခွန်အထိ ကျောက်ဆောင်များ ဘယ်လိုပင်ခြားခြား ယနေ့ခေတ်နည်းပညာများဖြင့် ကားလမ်းဖောက်လုပ်နိုင်သည်။ ထိုသို့ ကားလမ်း မဖောက်ခြင်း၏ ရည်ရွယ်ချက်မှာ ကျောက်တောင်များ အကြား လမ်းလျှောက်ပြီး ကြည်နူးစရာသဘာဝအလှ တရားများကို ခံစားနိုင်ရန်နှင့် လူတိုင်း၏ကျန်းမာရေးကို လမ်းလျှောက်ခြင်းဖြင့် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်။ ရေတံခွန်ကိုသွားသည့် လမ်းတွင်လည်း ဒေသထွက်အစားအစာများ၊ အိမ်အပြန် လက်ဆောင်များကို ရောင်းချသည့် ဈေးဆိုင်များလည်း ရှိသည်။

 

ရေတံခွန်များကလည်း မနိမ့်လွန်း၊ မမြင့်လွန်းသော ကြောင့် ကျောက်တုံးပေါ်မှစီးဆင်းနေသည့် ရေတံခွန်များ ကိုကြည့်ကာ လွန်စွာမှကြည်နူးစရာခံစားမှုများကို ရရှိစေ နိုင်မည်ဖြစ်သည်။ ရေတံခွန်သည် မိုးရာသီတွင် ရေအလွန် များသော်လည်း လာရောက်လည်ပတ်သူများသည် နွေ၊ မိုး၊ ဆောင်း သုံးရာသီစလုံး လာရောက်လည်ပတ်ကြသည်။ မိုးရာသီကာလတွင် ရေများသည် ရေတံခွန်ကြီး၏ အပေါ်မှ အဆင့်လိုက်ကျရောက်နေခြင်းဖြစ်သည့်အတွက် ရေတံခွန်၏အပေါ်အထိ တက်ကြည့်၍မရနိုင်ဘဲ မိုးအကုန် ဆောင်းအကူးတွင် ရေအနည်းငယ်လျော့လာသည်နှင့် အမျှ ရေတံခွန်ကြီး၏အပေါ်မှ အဆင့်လိုက်အဆင့်လိုက်ရှိ သည့် ရေတံခွန်ငယ်များကို တက်ကြည့်နိုင်သည်။ နွေရာသီ တွင်လည်း ရေလုံးဝနည်းသွားခြင်းမျိုးမဟုတ်ဘဲ လှပသော သဘာဝအလှများနှင့် သုံးရာသီစလုံး ပျော်ရွှင်ကြည်နူး စရာကောင်းသည့်နေရာဖြစ်သည်။

 

"ရှေးခေတ်တုန်းက ရေတံခွန်ရဲ့တောင်ဘက်မှာ အလယ် ချောင်ကနေ ပင်းတယကိုသွားရတဲ့ မြေအောက်ဂူလမ်း ကြောင်းရှိတယ်။ နောက်ပိုင်းမှာ နယ်မြေတွေအေးချမ်းမှု မရှိတော့ဘဲ ဂူထဲမှာခိုအောင်းသူတွေ များလာတာကြောင့် အဲဒီဂူတွေကို ပိတ်ထားခဲ့တယ်။ ဒီလိုနဲ့ပဲ ဂူအောက် လမ်းကြောင်းတွေကို မြေကြီးတွေဖုံးလွှမ်းပြီး တဖြည်းဖြည်း ပိတ်ဆို့သွားတယ်။ မြေအောက်ဂူလမ်းကြောင်းတွေနဲ့ သွားတဲ့လမ်းကြောင်းလည်း မရှိတော့ဘဲ ပျောက်ကွယ်သွား တယ်" ဟု အလယ်ချောင်ရွာရှိ အဘွားတစ်ဦးက ပြောသည်။

 

သဘာဝအလှတရားများနှင့်ပြည့်စုံသည့် ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အပန်းဖြေနေရာတစ်ခု ဖြစ်သော အလယ်ချောင်စံပြကျေးရွာနှင့် စယဉ်းတောင်ဟု ခေါ်သည့် အလယ်ချောင်ရေတံခွန်သို့ အလည်တစ်ခေါက် လာရောက်ဖို့ဖိတ်ခေါ်ရင်း တိုင်းရင်းသားအများစုတို့၏ပျော်စံရာတောင်တန်းပေါ်က ဓနုဌာနေမှ နွေးထွေးပျူငှာစွာ ကြိုဆိုလျက်…။

 

4