အောင်ကြည်မိုး(စစ်တွေ)
ရခိုင်အမျိုးသားဝတ်စုံသည် သမိုင်း ခေတ်အဆက်ဆက်အလိုက် ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုအရ တင့်တယ်ခန့်ညားစွာ ဝတ်ဆင်ကြသည့် ရိုးရာဝတ်စုံဖြစ်ပေ၏။ ရှေးအခါက ထီးရိပ်၊ နန်းရိပ်၌ ဝတ်ဆင်ရသော အဆောင်အယောင်ဝတ်စုံနှင့် ထီးနန်းအပြင် ဘက် သာမန်အရပ်သူ၊ အရပ်သား ဆင်ယင်ရ သော ရိုးရာအဝတ်အစားဟူ၍ အမျိုးမျိုး၊ အပြားပြား ရှိခဲ့ကြသည်။ ရိုးရာဆိုသည် မှာလည်း ခေတ်နှင့်လိုက်၍ ပြောင်းလဲလာ ခဲ့သည်ကို အကောင်းဆုံး မွမ်းမံထားခြင်းပင် ဖြစ်သည်။
ရခိုင်ရိုးရာ အမျိုးသားဝတ်စုံကို ဝတ်ဆင် ကြသူများအနေဖြင့် အရိုးကို အရွက်မဖုံးစေဘဲ ပေါ့ပါးသွက်လက်စွာ ခေတ်အလိုက် ဝတ်ဆင် နိုင်ရန် ရခိုင်သမိုင်းသုတေသီများ၊ စာပေ ပညာရှင်များနှင့် ရခိုင်အရပ်ဘက်လူမှုအဖွဲ့ အစည်းများ အားလုံးစုပေါင်း၍ အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသားဝတ်စုံပုံစံ တစ်မျိုးတည်း ရှိနေစေဖို့ သတ်မှတ်ခဲ့ကြသည်။
အမျိုးသားဝတ်စုံ
ရခိုင်အမျိုးသားတို့သည် ရိုးရာဝတ်စုံ ဆင်ယင်ကြသောအခါ ခေါင်းပေါင်းစွန်ကို ဘယ်ဘက်ကထား၍ ပေါင်းထားသော ခေါင်းပေါင်းဖြင့်သာ ပေါင်းရပါမည်။ အပေါ် ဝတ်အင်္ကျီမှာ အောက်ဘေးတစ်ဖက်စီတွင် ဖားကွဲပါရှိရသည်။ ရိုးရာဘယ်ဖုံး တိုက်ပုံ ဝတ်ဆင်ရပြီး လုံချည်မှာ ပေါင်စွန်ပန်းအစင်း ကို ဘယ်ဘက်ပေါင်တွင်ထား၍ ဝတ်ဆင်သော တောင်ရှည်ပုဆိုး ရိုးရာလုံချည်ကွင်း ဖြစ်သည်။
အမျိုးသမီးဝတ်စုံ
အမျိုးသမီးများ ရိုးရာဝတ်စုံအပြည့် ဆင်ယင်ရသောအခါ အမိတ်အဆာပန်းအနား ကွက်ပါသော ရိုးရာခြုံထည် တဘက်ကြီးကို ခြုံ၍ဝတ်ဆင်ရသည်။ အပေါ်ဝတ်အင်္ကျီကို အမျိုးသားများကဲ့သို့ အပေါ်မှထပ်၍ ဝတ်ဆင် ရသော အင်္ကျီဖြစ်သည်။ အမျိုးသမီးအင်္ကျီမှာ ရခိုင်ရိုးရာ ထိုင်မသိမ်းပုံကို မွမ်းမံထားခြင်း ဖြစ်၏။ ရင်နားတစ်ဖက်စီတွင် သဇင်ပန်းနွယ် ကို တောက်လျှောက် ဖော်ဆောင်ရပါမည်။ သဇင်ပန်းပုံပန်းအဆင်းကို ဘယ်ဘက်ပေါင် တွင်ထား၍ ဝတ်ဆင်ရသော ရိုးရာအမျိုးသမီး လုံးကွင်း ဖြစ်သည်။ ဆံထုံးပုံစံကို အသက် အရွယ်အလိုက် အဆင်ပြေ၍ တင့်တယ် သပ်ရပ်အောင် ထုံးဖွဲ့ဆင်ယင်နိုင်သည်။ လက်ထပ်မင်္ဂလာပွဲ၊ ဘွဲ့နှင်းသဘင်နှင့် အလှူမင်္ဂလာပွဲများ၌ ရခိုင်ရိုးရာထဘီ ပေါင်မိတ်တန်း ပေါ်၌ သဇင်ပန်းခက်အား ကနုတ်ပန်း ပုံသ္ဌာန်အဖြစ် ထည့်သွင်းဝတ်ဆင်လာကြသည်။
ရခိုင်ရိုးရာဝတ်စုံ၌ အရောင်အသွေး သတ်မှတ်ထားခြင်းမရှိပါ။ အဘယ်ကြောင့် ဆိုသော် ရခိုင်ရက်ကန်းရက် ပညာရှင်များ အနေဖြင့် ရိုးရာအနုပညာတို့ဖြင့် အရောင် အသွေး အစပ်အဟပ်၊ အလှအပ အပြင်အဆင် နှင့် ပန်းနုကွက်ဆန်း၊ ပန်းသွေးကွက်ပြောက်၊ လက်ရာမြောက်အဆန်းတကျယ် ဖော်ထုတ် နိုင်စွမ်းရှိကြစေရန် ဖြစ်သည်။ ရခိုင်ရိုးရာ ဝတ်စုံအား ရခိုင်လူမျိုးများက ရိုးရာပွဲလမ်း သဘင်များ၌ အမြတ်တနိုး ဝတ်စားဆင်ယင် လျက်ရှိနေကြပါသည်။
