အမာ ၁၃ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အမာမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ယနေ့နံနက်(၇)နာရီမှ (၁၀)နာရီထိ ပြည်သူအကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အမာမြို့ (၂)ရပ်ကွက်အတွင်း အမှိုက်များ ရှင်းလင်းခြင်း၊ လမ်းဘေးမြက်ရိုင်းပင်များ ခုတ်ထွင်ခြင်း၊ ရေနှုတ်မြောင်းများဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေပြွန်ချခြင်းများ ပြုလုပ်ခဲ့သည်။ အမာမြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ဝန်ထမ်းများ၊ ခလရ(၁၈)တပ်ရင်းမှူး ဗိုလ်မှူးဝေမျိုးပိုင်နှင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်လေးခုမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စည်ပင်အမှုဆောင် အရာရှိ နှင့် ဝန်ထမ်းများ၊ စုစုပေါင်း အင်အား(၅၀)ကျော်ခန့်သည် သတ်မှတ်ထားသော နေရာနှစ်နေရာအား သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်း ကျန်နေရာများတွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမြင့်အောင်(ပြန်/ဆက်)