မြင်းခြံ ၁၃ ဇူလိုင် 

 

စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် စည်ကားစွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

စာအုပ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့မှ နန်းတော်ဝင်စာအုပ်တိုက်နှင့် မမာလာစာအုပ်တိုက်တို့က ဦးဆောင်ပြီး စာအုပ်တိုက်ပေါင်း(၂၀)ကျော် လာရောက်ဖွင့်လှစ် ရောင်းချသွားမည် ဖြစ်ကြောင်း၊ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပျော်ရွှင်ဖွယ် ဂိမ်းကစားနည်းများ ပြုလုပ်ပေးသွားရန်၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံတူပန်းချီပြိုင်ပွဲ၊ ကဗျာရွတ် နှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်း ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပြိုင်ပွဲများကျင်းပပြီး ဆုများချီးမြှင့်ခြင်းကို ဦးမြင့်ဟန်(ZIN YAW)နှင့်အဖွဲ့မှ ချီးမြှင့်သွားမည်ဖြစ်ပြီး ၊ စာပေဟောပြောပွဲကိုလည်း မြင်းခြံစာရေးဆရာ အသင်းနှင့် Book Club ဥက္ကဌဦးသိဏ်းသန်းအောင်တို့က ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် စည်ကားစွာကျင်းပပြုလုပ်နိုင်ရေး ဆွေး နွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးယဉ်မောင်သန်း၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးအောင်မိုး၊ မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာကောလိပ်တို့မှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော်များ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်းနှင့် စာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဇူလိုင်(၂၂) ရက်မှ (၂၆)ရက်အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဦးဇော်မင်းနိုင်(မြင်းခြံ)

 

7