မြောက်ဦး ၁၃ ဇူလိုင်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ မြို့ပေါ်နှင့်ကျေးရွာမြေနိမ့်ပိုင်းဒေသများ ရေနှစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လေးမြို့မြစ်ရေမှာ စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်လာပြီး ရန်ကုန်-စစ်တွေ ကားလမ်း၊ မြောက်ဦး-မင်းပြား လမ်းပိုင်းကြား တွင်ရှိသော မြောင်းဘွေကျေးရွာနှင့်နန်းကျားကျေးရွာအနီးတဝိုက်တွင် ရေကျော်လျက်ရှိပြီး မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော စင်းဘောကိုင်းစစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းနှင့် တိန်ညို စစ်ဘေးရှောင်စခန်းများ ရေနှစ်မြုပ်မှုကြောင့် စခန်းရှိပြည်သူများကို ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်း ရွှေ့နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် မြောက်ဦးမြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်များဖြစ်သော ကန်ချေစုရပ်ကွက်၊ အလယ် ဈေးရပ်ကွက်၊ မြေနိမ့်ပိုင်း ကျေးရွာများဖြစ်သော မြောင်းဘွေ၊ နန်းကျားရွာနှင့်ဇေယျဝတီကျေးရွာ များ ရေနှစ်မြုပ်လျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ မင်းပြားမြို့နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လေးမြို့မြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ ကျော်လွန်လာသောကြောင့် မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သော မင်းဘာကြီး၊ ဉက္ကာပျံ၊ ဦးစိုးတင့်ရပ်ကွက်နှင့် ကျွန်းညိုရပ်ကွက်များ ရေနှစ်မြုပ်ခဲ့ပြီး ဖုံသာချောင်းနှင့် ပန်းမြောင်းကြီး ချောင်းများတွင် တောင်ကျရေများ ဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများဖြစ်သော ခွဆုံ၊ ပြင်ယောင်၊ ကုလားမတောင်၊ ပွဲရပ်ကံဆိပ်ရွာနှင့် မင်းကန်းဆိပ်ကျေးရွာများတွင် ရေကြီးနှစ်မြုပ်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ သိရသည်။
MDN


