မကွေး ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အုန်းသီးခြောက်လက်မှုလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ပြိုင်ပွဲတွင် ၂၀၁၈ခုနှစ်အတွင်း တတိယဆုရရှိထားသည့် ရွှေလက်ရာ အုန်းသီးခြောက်လက်မှုလုပ်ငန်းအား နည်းပညာမြှင့်တင်ခြင်း၊ အရေအတွက် ပိုမိုထုတ်လုပ်နိုင်ခြင်းများ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။
“ကျွန်တော့်ရည်ရွယ်ချက်က အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်း(SMEs) တွေကို ချေးငွေပေးမယ်ဆိုရင် လုပ်သားအင်အားတိုးချဲ့မယ်။ လိုအပ်တဲ့ စက်ကိရိယာတွေ တပ်ဆင်ပါမယ်။ ဒါဆိုအရေအတွက် များများထုတ်လုပ်နိုင်မယ်။ ခရီးသွားအများစု ဝင်ရောက်လည်ပတ်တဲ့ ပုဂံညောင်ဦး၊ ပြင်ဦးလွင်စတဲ့ နေရာတွေမှာ ပြသရောင်းချမယ်။ ထုတ်ကုန်ကိုလည်း ပိုကောင်းအောင် အဆင့်မြှင့်ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ရွှေလက်ရာအုန်းသီးခြောက်လက်မှုလုပ်ငန်းပိုင်ရှင် ဦးဌေးအောင်က ပြောသည်။
သူသည် အုန်းသီးခြစ်လုပ်ငန်းကို လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဝါသနာအရ အုန်းသီးခြောက်များနှင့် အုန်းသီးခွံများကို ၂၀၁၁ ခုနှစ်မှစတင်ကာ လက်မှုပစ္စည်းများ တီထွင်ထုတ်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လတွင်ကျင်းပသည့် အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းပြိုင်ပွဲ၌ မကွေးတိုင်းဒေသကြီးကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနလက်အောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှ တာဝန်ရှိ သူများ၏ အားပေးကူညီမှုကို ရရှိခဲ့သည်။ ပြိုင်ပွဲဝင် ၁၂၂ ဦးအနက် ဆင်ရုပ်ထုလုပ်ထားသည့် အုန်းသီးခြောက်ဖြင့် ပြသယှဉ်ပြိုင်ခဲ့ရာ တတိယဆုကို ရရှိခဲ့ပြီးနောက် ဝါသနာအရ ထုတ်လုပ်သည့် အဆင့်မှသည် စနစ်တကျထုတ်လုပ် ရောင်းချသည့် အဆင့်ကိုရောက်ရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ဦးဌေးအောင်ထံမှ သိရှိရသည်။
“အုန်းသီးအတွင်းခွံအမာကိုအသုံးပြုပြီး ရေနွေးအိုး၊ လက်ဖက်အုပ်၊ ပန်းအိုး၊ ပန်းကန်၊ ဆွမ်းအုပ်၊ သော့ချိတ်၊ ဘီး၊ ကြယ်သီး၊ ကလစ်စတဲ့ လက်မှုပစ္စည်းတွေကို တစ်မျိုးပြီးတစ်မျိုး တိုးပြီးထုတ်လုပ်ခဲ့ပါတယ်။ အုန်းသီးခြောက်ကို အသုံးပြုပြီးတော့ ဇီးကွက်ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ မျောက်ရုပ်၊ ငှက်ရုပ်နှင့် နဂါးရုပ်များကို ထုတ်လုပ်ပါတယ်။ နောက်ပိုင်းမှာ လက်ကိုင်အိတ်၊ ဘောပန်ထည့်တဲ့ခွက်တွေနဲ့ အသုံးအဆောင်တွေလည်း ထပ်မံထုတ်လုပ်နေပါတယ်”ဟု ၎င်းက ပြောကြား သည်။
ကုန်ကြမ်းဖြစ်တဲ့ အုန်းသီးခွံတွေနဲ့ အုန်းခြောက်တွေကို ကော်ပတ်စား၍ လိုအပ်သည့် ဒီဇိုင်းပုံစံဖော်ထုတ်ကြောင်း၊ ထို့နောက် အရောင်တောက်ပစေရန်အတွက် ပေါ်လစ်ခြယ်ရကြောင်း၊ စားသောက်ကုန်များတွင် အသုံးပြုနိုင်ရန် ရည်ရွယ် ထားသည့် လူသုံးကုန်များထုတ်လုပ်သည့်အခါ ဓာတုဗေဒဆိုးကျိုးများ မကျရောက်နိုင်စေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်ပြီး အသုံးပြုနိုင်သည့် အရာများဖြင့်သာ ထုတ်လုပ်ထားကြောင်းသိရပြီး “စမ်းသပ်မှုအရ အုန်းခွံဟာ အပူဒဏ်ရော၊ အအေးဒဏ်ကိုပါ ခံနိုင်ရည်ရှိပါတယ်။ လက်မှုလုပ်ငန်းဖြစ်တဲ့အတွက် ထုတ်လုပ်မှုအများကြီးတော့ မရနိုင်ပါဘူး။ ဒါပေမယ့် ကြိုးစားနေပါတယ်။ ဈေးနှုန်းတွေကိုတော့ ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၁၀ဝ၀ မှ ၁၀ဝ၀ဝ အထိ ရှိပါတယ်”ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လာမယ့် သြဂုတ်လမှာ သွားရောက်ပြသနိုင်ဖို့ဆိုပြီး သက်ဆိုင်ရာဌာနတွေက ပြောပါတယ်။ ကျွန်တော်ကတော့ လိုက်သွားဖို့ မသေချာသေးပါဘူး။ စရိတ်စကကြီးမားတဲ့အတွက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်းရွှေစက်တော်ဘုရားပွဲ၊ မြသလွန်ဘုရားပွဲနဲ့ အမှာရှိရင်ရှိသလို နယ်ပယ်ဒေသအသီးသီးကို တင်ပို့ရောင်းချပေးနေပါတယ်။ ချေးငွေတွေသာ ရရှိလာမယ်ဆိုရင်တော့ ကျွန်တော့်စိတ်ကူးတွေ အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။
အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများသည် အရင်းအနှီး၊ နည်းပညာလိုအပ်ချက်နှင့် အခြေခံအဆောက် အအုံများ အားနည်းမှုကြောင့် ယခုအခါ ရှင်သန်ရန်အတွက် ဌာနဆိုင်ရာအသီးသီးက အားပေးနေကြသည်။ အဖွဲ့အစည်းများ ကလည်း နည်းပညာများ၊ အကြံဉာဏ်များနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန်အတွက် ကြိုးပမ်းပေးနေကြသည်။ “လူငယ်တွေကို ပြောချင်တယ်။ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတွေ အများကြီးရှိတယ်။ အခုကျွန်တော့်လို ဝါသနာအရ ဆန်းသစ်ဖော်ထုတ် တာမျိုးတွေလည်းရှိတယ်။ ဒီလိုလုပ်ငန်းငယ်လေးတွေကို ထူထောင်ပေးပါ၊ ကူညီပေးပါလို့လည်း ပြောချင်ပါတယ်။ လက်ရှိ မှာလည်း ကူညီပေးနေတာကြောင့် ဝမ်းသာမိတယ်”ဟု ဦးဌေးအောင်က ဆိုသည်။
“အုန်းသီးခြောက်လက်မှုတွေကို ကျွန်တော်ထင်တာက အုန်းသီးပေါပေါများများထွက်တဲ့ တနင်္သာရီတို့၊ ရခိုင်တို့မှာ ပိုပြီးလုပ် ကိုင်ကြမယ်လို့ ထင်ထားတာ။ ပြိုင်ပွဲမှာတော့ အုန်းသီးကနေ လက်မှုပစ္စည်းထုတ်တာ ကျွန်တော်တစ်ဦးတည်း ပါဝင်ခဲ့တယ်။ အရေအတွက်များများကို အရည်အသွေးပြည့်မီစွာနဲ့ ထုတ်လုပ်နိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်”ဟု ဦးဌေးအောင် ထံက သိရှိရသည်။
မကွေးပြန်/ဆက် သတင်းအဖွဲ့(၁)


