စစ်ကိုင်း ၁၃ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူဦးရေ ၁၀ဝ ခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြာင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ခန္တီးမြို့နယ်တွင် အိမ်ထောင်စု ၁၃ စု လူဦးရေ ၄၄ ဦး၊ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကသာမြို့တွင် အိမ်ထောင်စု ၉ စု လူဦးရေ ၅၅ ဦး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်က ပြောသည်။

''ခန္တီးနဲ့ ကသာမြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်တော့ မရောက်သေးဘူး။ ခန္တီးကတော့ နှစ်ပေ လောက်ပဲ လိုတော့တယ်။ ကသာဆိုရင် တစ်ပေလောက်ပဲ လိုတော့တယ်။ အခု မြစ်ရေတွေကြီးလာတဲ့အတွက် ခန္တီးမြို့နယ်က အိမ်ထောင်စုက  ၁၃ စု လူဦးရေ ၄၄ ဦး၊ ကသာကတော့ အိမ်ထောင်စု ၉ စု  လူဦးရေ ၅၅ စု လောလောဆယ် ရွှေ့ပြောင်းနေထိုင်တဲ့ အနေအထားလေးပေါ့။  အခြားမြို့နယ်တွေက စာရင်းတက်လာတာမရှိသေးပါဘူး။ လောလောဆယ်က ကသာနဲ့ ခန္တီးပဲ ရှိပါသေးတယ်။ ဆန်ရိက္ခာဖိုးတွေတော့ ထောက်ပံပေးထားပါတယ်၊ ပြီးတော့ သတိပေးဆော်သြတာတွေရော တောက်လျှောက် လုပ်နေပါတယ်" ဟု ၎င်းက ပြောပါသည်။

 

mdn

 

ချင်းတွင်းမြစ်ရေနှင့်ဧရာဝတီ မြစ်ရေ မြင့်တက်လာမှုကြောင့် အဆိုပါမြစ်ဘေးအနား နေထိုင်ကြသည့် အများပြည်သူများ သတိပြုနိုင်ရန် အတွက် ဗွီနိုင်းပိုစတာများ စိုက်ထူ၍ သတိပေးနှိုးဆော်ခြင်း၊ မြစ်အတွင်း ခုတ်မောင်းနှင်းနေသော ရေယာဉ်များပေါ်တွင်  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

လူအောင်(ကသာ)