မြစ်ကြီးနား ၁၃ ဇူလိုင်
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ်အတွင်း ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်းများ ချောင်းရေတိုက်စားမှု၊ မြေပြိုမှုများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခြင်းနှင့် တံတားများ မျောပါပျက်စီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
ဆော့လော်မြို့နယ်အတွင်း ရေကြီးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက “ မိုးက မေခမြစ်အခြမ်းမှာ ပိုပြီး ရွာတာဆိုတော့ မိုးရေကြောင့် ရေကြီး၊ မြေပြိုပြီး လမ်းအားလုံးပိတ်သွားတယ်လို့ ပြောလို့ရတယ်၊ လန်ဆယ်ရွာက ရေထိန်းနံရံ ပေ ၃၀ဝဝ တစ်ခု၊ ပေ ၂၀ဝဝ တစ်ခုကတော့ တော်တော်များများ ရေတိုက်စားသွားတယ်၊ မြေထိန်းနံရံရှိတော့ လူတွေ အန္တရာယ်ဘေးလွတ်သွားပါတယ်၊ ဟန်းကောကျေးရွာအုပ်စုမှာလည်း မနှစ်က စိုက်ပျိုးမြေဖော်ထုတ်ဖို့ ဧက ၇၀ဝ ရခဲ့တာ ဟန်းကောအုပ်စုထဲက ဧက ၂၀ဝ က ရေထဲပါသွားတယ်” ဟု ပြောကြားသည်။
အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော့လော်မြို့နယ်အတွင်း လခမ်ကျေးရွာအုပ်စု၊ မောင်လော်ကျေးရွာနှင့် ဆမ်ဇင်ရွာကြားလမ်းတွင် အမြင့် ၂၀ ခန့် မြေပြိုခြင်း၊ ဆမ်ဇင်ကျေးရွာအောက် လမ်းမပေါ်တွင် အမြင့် ၈ ပေ၊ အရှည် ၁၀ ပေခန့် ကျောက်တုံးများ ပြိုကျခြင်း၊ မောင်လော်နှင့် ဆမ်ဇင်ရွာကြား မရှမ်ချောင်းရေတိုက်စားမှုကြောင့် အမြင့် ၆၀ ပေခန့် မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့ခဲ့သည်။
ယော်ဂျော်ကျေးရွာအုပ်စုတွင် ချောင်းရေကြီးမှုကြောင့် ဆတ်ကောက်ကျေးရွာအနီး ဆတ်ကောက် ချောင်းကူး သစ်လုံးတံတား ၈၅ ပေ၊ ချောင်လော် ကျေးရွာအနီး ဇွန်ဗျင်ချောင်းကူး သစ်တုံးတံတား ၆၀ ပေ၊ ယော်ဂျော်ကျေးရွာအနီး ဂျီမောချောင်းကူး သစ်တုံးတံတား ၃၅ ပေနှင့် ရောင်ငေါ်ကျေးရွာအနီးရှိ ချီမွန်ချောင်းကူး သစ်တုံးတံတား ပေ ၆၀ ၊ လောက်လောင်ကျေးရွာအနီး ခမျောချောင်းကူး သစ်တုံး တံတား ၅ ပေတို့သည် ချောင်းရေဖြင့် မျောပါပျက်စီးခဲ့သည်။
အလားတူ ဟန်းကောကျေးရွာအုပ်စု ချော်မွန်ကျေးရွာတွင် လမ်းမြေပြိုကျမှုကြောင့် ရှောက်ကော စိုက်ခင်း ၁ ဧက ပျက်ဆီးခဲ့ခြင်းနှင့် မြို့မရပ်ကွက်နှင့် ကျီရှင်းကျေးရွာကြား မြေပြိုကျမှု ၄ နေရာ၊ အောက်ဆော့လော်နှင့် ကျီးရှင်ရွာကြားတွင် အမြင့် ၁၅ ပေခန့် မြေပြိုခဲ့ခြင်းနှင့် ချောင်းရေတိုက်စားမှုကြောင့် မြေပြိုလမ်းပိတ်ခြင်းများ ဖြစ်ပွားခဲ့ပြီး မန်ဗျော့ကျေးရွာအုပ်စု၊ ဘမ်ခမ်၊ မန်ဗျော့နှင့် ငါမောဇပ် ကျေးရွာများတွင် ချောင်းရေလျှံမှုကြောင့် အခြေခံပညာ မူလတန်းလွန်ကျောင်း-မျောဂျောင်းကို ပိတ်ထားခဲ့ရသည်။
ဆော့လော်မြို့နယ်အတွင်း မြေပြိုလမ်းပိတ်ဆို့မှုနှင့် သစ်တုံးတံတားများ ချောင်းရေမျောပါပျက်စီးမှုများကြောင့် လူနှင့်ဆိုင်ကယ်များ သွားလာနိုင်ရေး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းလုပ်အားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)


