မကွေး ၁၃  ဇူလိုင် 
            
Save The Children ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းအတွင်းရှိ မကွေး၊ ပေါက်နှင့် မြိုင် စသည့်မြို့နယ် (၃)မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်မှု လုပ်ငန်းများကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၅)နှစ် စီမံကိန်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Guardian  Network စီမံကိန်းမန်နေဂျာ ကိုလင်းသူအောင် ထံမှ သိရသည်။ 
         
ကလေးသူငယ်များအတွက် ပညာရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာများကို ယင်းစီမံကိန်းမှ လုပ်ဆောင်မည်ဖြစ်ပြီး Save The Children (Myanmar) နှင့် Social Care Voluteer Group (Magway) , Guardian Network တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
        
"ဒီစီမံကိန်းမှာ ကလေးများကို ဘေးကင်းတဲ့ အစားအသောက်တွေ စားသုံးနိုင်စေဖို့ကိုလည်း ဖြည့်စွက်ဆောင်ရွက်ကြစေလိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက သဘောထားမှတ်ချက်ပြု ပြောကြားသည်။
         
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွင် မိဘ၊ ဆရာများက ကလေးများအား ရိုက်နှက်ဆုံးမခြင်းများ ပပျောက်စေရန်၊ ကလေးများအပေါ် မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်းများ လျော့နည်းပပျောက်စေရန်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ စီမံအုပ်ချုပ်မှု အစီအစဉ်တွင် ကလေးသူငယ်များ၏ အခွင့်အရေးကို မြှင့်တင်ပေးနိုင်ရန်၊ ကလေးများ ကိုယ်ရည် ကိုယ်သွေးမြင့်စေရန်၊ ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးပိုင်းဆိုင်ရာများကို သိရှိစေရန်နှင့် ပညာရေးဆိုင်ရာ အစီအစဉ်တွင် မိဘဆရာအသင်းများ အားကောင်းလာစေရန်၊ ပညာရေးပိုင်းဆိုင်ရာ သင်ယူရေးအခွင့် အလမ်းများ ပိုမိုအားကောင်းလာစေရန်တို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
           
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး က တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမျိုးသမီးကော်မတီများ၊ ပညာရေးဝန်ထမ်းများက အဆိုပါ စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားထားကြောင်း သိရှိရသည်။

ဇေယျတု(မကွေး)