နေပြည်တော်   ၁၃   ဇူလိုင်

ရုရှားနိုင်ငံ စိန်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် IX International Scientific Congress "Sport, People & Health" ဆွေးနွေးခဲ့သည့် အချက်များနှင့် ညီလာခံဆုံးဖြတ်ချက်များကို ဝန်ကြီးရုံး (အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာန (နေပြည်တော်) တို့မှ အရာထမ်းများအား  တွေ့ဆုံရှင်းလင်း ပြောကြားခြင်း အခမ်းအနားကို ဇူလိုင် ၁၂ ရက်က နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း Multi-Purpose Hall ၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အိုလံပစ်အားကစားနည်းများတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲ အကြပ်အတည်းဖြစ်စဉ်များနှင့် ၎င်းတို့အား ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ ခေတ်သစ် အားကစားနည်းများတွင် တားမြစ်ဆေးဝါး သုံးစွဲမှုပြဿနာအပေါ် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ရန်လိုအပ်ကြောင်း၊ အားကစားလူမှုအဖွဲ့အစည်းများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများ၊ တားမြစ်ဆေးသုံးစွဲမှုဆိုင်ရာ ပြဿနာများနှင့်    တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးဆိုင်ရာ ပညာပေးအစီအစဉ်များ၊ တားမြစ်ဆေးဝါးသုံးစွဲမှုအား တိုက်ဖျက်နိုင်ရန်အတွက် သတင်းမီဒီယာများနှင့် အသိပညာပေးနိုင်သော ပတ်ဝန်းကျင်၏ အခန်းကဏ္ဍ ခေါင်းစဉ် (၃)ခုဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း၊ စာတမ်းတင်သွင်းဖတ်ကြားသည့် ကဏ္ဍအတွက် အကြောင်းအရာ ခေါင်းစဉ် (၆)ခုဖြင့် ဆွေးနွေးခဲ့ကြပါကြောင်း၊

စာတမ်းဖတ်ပွဲတွင် “မြန်မာ့အားကစားနယ်ပယ်တွင် တားမြစ်ဆေးဝါးသုံးစွဲမှုအား တိုက်ဖျက်ခြင်း (Fight against Doping in Sport in Myanmar) နှင့် ပတ်သက်၍ စာတမ်းဖတ်ကြားခဲ့ပါကြောင်း၊ “တားမြစ်ဆေးဝါးသုံးစွဲခြင်းနှင့် တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးဥပဒေအား ချိုးဖောက်ခြင်း” ဆိုင်ရာ ခေါင်းစဉ်ဖြင့် ကျင်းပသည့်စကားဝိုင်း ဆွေးနွေးပွဲတွင် အခြားပညာရှင် (၄)ဦးနှင့်အတူ ပါဝင်ဆွေး နွေးခဲ့ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့်လည်း တားမြစ်ဆေးဝါးသုံးစွဲမှုအား ဆန့်ကျင်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ တားမြစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင်ရေးအတွက် ညီလာခံဆုံးဖြတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားအဖွဲ့ချုပ်များ အားလုံးနှင့်လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်သွားရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း (Myanmar Anti-Doping Organization) အား တရားဝင် အတည်ပြုဖွဲ့စည်းနိုင်ရေးအား ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

(သတင်းစဉ်)