နေပြည်တော် ၁၃ ဇူလိုင် 


သစ်တောဦးစီးဌာနနှင့် UNREDD အစီအစဉ်၊ FAO အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း စမ်းသပ် လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန၌  ကျင်းပသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောကဏ္ဍ၌ နိုင်ငံအဆင့် သစ်တော သယံဇာတ စာရင်းကောက်ယူခြင်းအတွက် လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ခြင်းသည် အရေးကြီးသော လုပ်ငန်းဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ အတွင်း နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်းကောက်ယူခြင်း နည်းစနစ်များ (NFI methodology) အပေါ်ဆွေးနွေး အကြံပြုချက်များ ရယူသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါကြောင်း။


အဆိုပါ ဆွေးနွေးပွဲက ရရှိခဲ့သော အကြံပြုချက်များနှင့် နိုင်ငံအဆင့် သစ်တော သယံဇာတ စာရင်းကောက်ယူခြင်း ပုံစံအသစ်ကို အသုံးပြု၍လက်တွေ့ ကွင်းဆင်း ဆောင်ရွက်မှုများကို ၂၀၁၉ ခုနှစ်၊ မတ်လမှဧပြီလအတွင်း ဆန်းစစ် လုပ်ဆောင်ခဲ့ပါ ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ခု ၏ ခရိုင် ၆ ခရိုင်တွင် အမြဲတမ်းနမူနာကွက် ၂၄ ကွက် နှင့် ယာယီနမူနာကွက် ၁၀၈ကွက်၊ စုစုပေါင်း ၁၃၂ကွက်ကို စမ်းသပ်စာရင်း ကောက်ယူခဲ့ပြီး လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်ကြသော ကွင်းဆင်း အဖွဲ့ခေါင်းဆောင်များနှင့် လက်ထောက် ကွင်းဆင်း အဖွဲ့ခေါင်းဆောင်များက လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း မှရရှိသော အတွေ့ အကြုံများ၊ အခက်အခဲများနှင့် တွေ့ရှိချက်များမှအားနည်းချက်၊ အားသာချက်များကို ဝိုင်းဝန်းဆွေးနွေးရန် ကျင်းပခြင်းဖြစ်ကြောင်း။


 ဆက်လက်ဆောင်ရွက်မည့် နိုင်ငံအဆင့် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်းကို အကောင်အထည်ဖော်သည့်အခါ အပြည့်အဝ အောင်မြင်မှုရရှိနိုင်ရန် နှင့် သစ်တောစီမံ အုပ်ချုပ်မှုအတွက် တိကျခိုင်မာသည့် ကိန်းဂဏန်း အချက်အလက် များ ရရှိရေး၊ ခေတ်စနစ်အလိုက် ဖွံ့ဖြိုး တိုးတက်လာသောနည်းပညာများ အသုံးပြုခြင်း ၌ ပိုမိုဖွံ့ဖြို တိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပိုမိုအားကောင်း လာစေရေး တို့အတွက်  အဆိုပါအလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းအား ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများက သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းလုပ်ငန်း လက်တွေ့ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်