နေပြည်တော် ၁၃  ဇူလိုင်

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းသည် ဇူလိုင် ၁၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာကော်-မိုင်းပျဉ်း-ကျိုင်းတုံလမ်းပိုင်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကီလိုမီတာ (၅၆၃)နှင့် (၅၆၈)ကြားရှိကိုးထပ်ကွေ့လမ်းအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကီလိုမီတာ (၅၈၈)မှ (၅၈၈ ဒသမ ၇၅)အကြား စပါယ်ရှယ် တောင်အတက်တွင် (၇)မီတာအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် (၆၀၃ ဒသမ ၉)ကီလိုမီတာတွင် ရင်ကွဲ တောင်အပိုင်းဖြတ်မြေလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးတွင်းကာလ၌ ဖြတ်မြေအပိုင်းများမြေပြိုခြင်းနှင့် ရေတိုက်စားမှုများရှိ/မရှိ စောင့်ကြပ် စစ်ဆေးရန် မှာကြားခဲ့သည်။

အလားတူ ဇူလိုင် ၁၂ရက်တွင် ဒုတိယဝန်ကြီးသည် ကျိုင်းတုံ-မိုင်းခွန်-မိုင်းခုတ်မဟာဗျူဟာ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ရာ (၃၀) ကီလိုမီတာ (ရယ်ပီကူလာ) တောင်ထိပ်၌ မိုးတွင်းကာလ လမ်းအခြေအနေနှင့် (၅၃)ကီလိုမီတာအနီးတွင် မိုးရာသီလမ်းပျက်စီးမှုအခြေအနေတို့ကိုလည်းကောင်း၊ အဆိုပါ လမ်း (၈၂)ကီလိုမီတာနှင့် (၈၆)ကီလိုမီတာ အတွင်းဆောင်ရွက်နေသော (၁၂)မီတာအကျယ် မြေတောင်လမ်းချဲ့ခြင်းလုပ်ငန်းကိုလည်းကောင်း၊ မိုင်းဆက်-မိုင်းခုတ်လမ်းအပိုင်း (၃၉)ကီလိုမီတာနှင့် (၄၁)ကီလိုမီတာအကြား (၁ ဒသမ ၈)ကီလိုမီတာအား (၅ ဒသမ ၅)မီတာအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn

 

ယင်းနောက် ဒုတိယဝန်ကြီးသည် (၂၀၁၈)ခုနှစ်၊ ဒီဇင်ဘာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံရယူခဲ့သော (၉၆ ဒသမ ၁) ကီလိုမီတာရှိ မိုင်းဆတ်-တာချီလိတ်လမ်းတွင် (၆၈) ကီလိုမီတာ၌ လမ်းနိမ့်ကျွံပျက်စီးမှုများအားစက်ယန္တရားကြီးများဖြင့် ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး မိုင်းဆတ် -တာချီလိတ်လမ်းအပိုင်းသည် ကျောက်ချောလမ်း၊ အမာခံလမ်းနှင့် မြေလမ်းအမျိုး အစားများဖြစ်ကာ လက်ခံရယူစဉ်ကလည်းလမ်းပျက်စီးမှုကြီးမားသဖြင့် ယခုမိုးရာသီတွင် ပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေး လမ်းပျက်စီးမှုမရှိစေရန်နှင့် အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး တာဝန်ခံ အင်ဂျင်နီယာများက ကြီးကြပ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)