နေပြည်တော် ၁၃ ဇူလိုင်
ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသည့် အမျိုးသားခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးတင်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေနံနက်ပိုင်းတွင် ဘောလခဲမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဘောလခဲ)သို့ ရောက်ရှိကြသည်။
ဒုတိယသမ္မတအား သင်တန်းကျောင်းခန်းမ၌ ညွှန်ကြားရေးမှူး ဦးသောင်းထိုက် က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအားရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို တည်ထောင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်များ အောင်မြင်အောင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူ ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်း ဝတ်စုံ၊ ဗလာစာအုပ်နှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို လည်းကောင်းပေးအပ်ကြပြီး ကျောင်းသား အိပ်ဆောင်အားကြည့်ရှုသည်။
အဆိုပါသင်တန်းကျောင်းကို ၂၀၁၅ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီးယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၈၅)ဦးအား ပညာသင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဖားဆောင်း-မယ်စဲ့လမ်းမိုင်တိုင်အမှတ် (၁၁၈)ရှိ View Pointသို့ရောက်ရှိပြီး Ardent Alliance ကုမ္ပဏီကဆောင်ရွက်မည့် သဘာဝ အခြေပြု ကနူးကယက်လှေစီးခရီးသွား အပန်းဖြေစခန်းဆောင်ရွက်မည့် နေရာအား ကြည့်ရှု သည်။
ယင်းနောက် ဖားဆောင်းတံတား(သံလွင်)သို့ ရောက်ရှိရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခေတ္တညွှန်ကြားရေး မှူးချုပ်ဦးဝင်းလှိုင်က တံတားအထက်နှင့် တံတားအောက်ပိုင်းရေလမ်းကြောင်း ထိန်းသိမ်းထားရှိမှု အခြေ အနေများကိုလည်းကောင်း၊ တံတားဦးစီးဌာနညွှန်ကြားရေး မှူးချုပ်ဦးရွှေလေးက တံတားစတင်တည်ဆောက်သည့် ၂၀၁၅ခုနှစ်မှ စတင်ပြီး ယနေ့အချိန်ထိ တံတား အောက်ကြမ်းပြင်တွင် မြစ်ရေတိုက်စားမှုမရှိသည့် အခြေအနေ နှင့် မြစ်ကြမ်းပြင် နှုန်းမြေမြင့်တက်လာမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတသည် တံတားကြံ့ခိုင်မှုအခြေအနေကို ကြည့်ရှုပြီးမြစ် ကမ်းပါးရေတိုက်စားမှုမရှိစေရေးအတွက်ကမ်းထိန်းနံရံအား ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မယ်စဲ့ကုန်သွယ်ရေးစခန်းသို့ ရောက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူရကမယ်စဲ့ကုန်သွယ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
မယ်စဲ့ကုန်သွယ်ရေးစခန်းကို၂၀၁၆ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ်ကုန် သွယ်မှု ပမာဏတိုးတက်ခဲ့ရာ ၂၀၁၈-၂၀၁၉ခုနှစ် ဇွန်လကုန်အထိကုန်သွယ်မှု တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁ဒဿမ၂၉၉ သန်းရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ် BP -13 သို့ရောက်ရှိပြီး နယ်စပ်စစ်ဆေးရေးစခန်း တည်ဆောက်မည့်နေရာအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယသမ္မတကနယ်စပ်စစ်ဆေးရေး စခန်းတည်ဆောက် ရာတွင် လိုအပ်သည့် မြေထိန်းနံရံတည်ဆောက်ရေးနှင့် သောက်သုံးရေရရှိရေးတို့ကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွန်းပြည့်မှီ စေရေး နှင့်သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့နယ်ပြည်သူဆေးရုံသို့ ရောက်ရှိပြီး လူနာ များအားထောက်ပံ့ငွေများပေးအပ်ကာ ဆေးရုံအဆောက်အဦသစ်တည်ဆောက်နေမှုကို ကြည့်ရှုသည်။
ထို့နောက် ဒုတိယသမ္မတသည် မယ်စဲ့မြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာညနေပိုင်းတွင်လွိုင်ကော်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်


