နေပြည်တော် ၁၃ ဇူလိုင်
ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား ကြိုဆိုအားပေးခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကရင်ပြည်နယ်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ်ပြန်တိုင်းရင်းသား ပြည်သူများနှင့် မိသားစုဝင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး နှင့် လျော်ညီသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးစသည့် ရည်မှန်းချက်(၃)ခု ချမှတ်ထားပါကြောင်း။
ထိုရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန် သက်ဆိုင်ရာလုပ်ငန်း တာဝန်များအလိုက် ဝန်ကြီးဌာနများက တာဝန်ယူ၍ဆောင်ရွက်နေကြပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တရားဥပဒေစိုးမိုးမှုရရှိစေရန် တရားသောဥပဒေ၊ နည်းဥပဒေများကို ဖော်ဆောင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ပေါင်းစည်းလာကြသည့် တိုင်းရင်းသား ပြည်သူများသည် မိမိတို့၏ ဘဝရပ်တည်မှုအာမခံချက် ရှိအောင်ကြိုးစား ခွင့်ရကြမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် လတ်တလောစားဝတ်နေရေးကိစ္စများကို ကူညီထောက်ပံ့မည်ဖြစ်ပါကြောင်း၊ သင့်တော်မည့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ သက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့်အတူ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခု နေရပ်ပြန်လည်ဝင်ရောက်လာကြသူများသည် မိမိတို့တိုင်းရင်းသားပြည်သူများဖြစ်ကြ၍ မိမိတို့ ပိုင်ဆိုင်သည့် ပြည်နယ်၊ မိမိတို့ပိုင်ဆိုင်သည့် ပြည်ထောင်စုနိုင်ငံအတွင်း အေးချမ်းလုံခြုံစွာ နေထိုင်နိုင်ကြပြီ ဖြစ်၍ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ သားစဉ် မြေးဆက် အေးချမ်းလုံခြုံသော လူနေမှုစနစ်ကို လက်ဆင့်ကမ်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ စားဝတ်နေရေး အဆင်ပြေစေရန် လိုအပ်သောပံ့ပိုးမှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေရပ်ပြန်တိုင်းရင်းသား ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်ရာ အိမ်ထောင်စု (၁၀၂) စုအတွက် အိမ်ထောင်စုတစ်စုလျှင် စားနပ်ရိက္ခာဖိုး (၃)လစာအပါအဝင် (၁၂၅,ဝ၀ဝ)ကျပ်နှုန်းနှင့် ထောက်ပံ့ရေးပစ္စည်းများကိုလည်းကောင်း၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီက အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် ပစ္စည်း (၂၂) မျိုးပါဝင်သော Family Kit တို့ကိုလည်ကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နေရပ်ပြန်တိုင်းရင်းသားပြည်သူများ ကိုယ်စားတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည် ထူထောင်ရေးစခန်း တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ယူဆောင်ရွက်နေသည့် ဘားအံခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


