လိပ်သို ၁၄ ဇူလိုင်

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လိပ်သိုမြို့ ကက်သလစ်ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၁ဝ နာရီက လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်သည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောကားရှယ်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်တို့က အမှာစကားများပြောကြားကာ သင်တန်းနည်းပြများဖြစ်သော မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစောတီမသေ၊ လ.ဝ.က မြို့နယ်ဦးစီးမှူး ဦးစောရှဲရစ်တို့က ပရိုဂျက်တာဖြင့် ပြသ၍ သင်တန်းပို့ချပေးသည်။ သင်တန်းသို့ ရပ်ကွက်/ကျေးရွာ အုပ်စု (၃၇)စုမှ လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်း အဖွဲ့ဝင် (၂၂၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

147

 

အလားတူ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ယမန်နေ့ နံနက် (၁၁)နာရီက လူဦးရေစာရင်းပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆင့်ပွားသင်တန်း ပြုလုပ်ရခြင်း၏အကြောင်းနှင့် စပ်လျဉ်း၍ ဖားကန့်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က အမှာစကားပြောကြားပြီး မိုးညှင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေးက နိုင်ငံသားမှတ်ပုံတင်စိစစ်ရမည့် အချက်များနှင့် ဆောင်ရွက်ပေးရမည့် အချက်များ၊ နိုင်ငံသားကိုင်ဆောင်သင့်သည့် လက်မှတ်အမျိုးမျိုး ထုတ်ပေးခြင်းများ၊ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆)ထုတ်ပေးခြင်း၊ ယာယီအိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် သီးခြားစာရင်း ကောက်ယူပြုစုခြင်းဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဖားကန့်မြို့နယ်၊ ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူက အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ စာရင်းကောက်ယူရေးအဖွဲ့များ လိုက်နာဆောင်ရွက်ရန်၊ လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူပြုစုရမည့် နောက်ဆက်တွဲပုံစံများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သင်တန်းသားများသိရှိနိုင်စေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကာမိုင်းမြို့အတွင်းရှိ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများအား ရပ်ကွက်/ကျေးရွာ အုပ်စု (၁၂)အုပ်စုမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၁၀ဝ ခန့် တက်ရောက်ခဲ့သည်။

ပြန်/ဆက်